တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

တောင်ဥက္ကလာပ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်ဥက္ကလာပမြို့နယ် ‌အမှတ်(၁၅) ရပ်ကွက်၊ အမှတ် (၆) ဝိုင်းရှိ ကျောင်းကုန်းအိမ်မဲကျောင်းတိုက်စုရပ်တွင် မြို့နယ်အတွင်းရှိ  ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ  ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ဆရာတော်သံဃာတော်များအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊  မြို့နယ်ကြက်ခြနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင် များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း အပါအဝင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို  အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့တွင် မြို့နယ်အတွင်းရှိ  ဆရာတော်/သံဃာတော်အပါး(၂၄)ပါး၊ သီလရှင် ဆရာလေး(၆)ပါးနှင့် လူပုဂ္ဂိုလ်(၄၆)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။

ခင်ဆွေနှင်း(ပြန်/ ဆက်)