ဘားအံ မေ ၂၄
ပြေးခုန်ပစ်အားကစားနည်းဖြင့် ကရင်ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-18 ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် ပြေးခုန်ပစ်အသင်းအား တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများပေးအပ်ရာတွင် ပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်ပြေးခုန်ပစ်အသင်းအနေဖြင့် ကျင်းပပြီးစီးခဲ့သည့် ပြိုင်ပွဲများတွင် အောင်မြင်မှု သမိုင်းအစဉ်အလာကောင်းများရှိခဲ့ပြီး ယခုသွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲတွင်လည်း ယခင်နှစ်များထက် ဆုတံဆိပ်များပိုမိုရရှိအောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့ယှဉ်ပြိုင်ရမည့် အားကစားနည်းအလိုက်အကောင်းဆုံး ဖြစ်အောင်၊ ပြည်နယ်ဂုဏ်ကို ဆောင်နိုင်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကစားကြစေလိုပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အောင်မြင်မှုအလိုက် ဂုဏ်ပြုချီးမြှောက်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်ပြေးခုန်ပစ်အသင်းထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံငွေ ကျပ်(၁၀)သိန်း၊ ပြည်နယ်ပညာရေးမှူးရုံးမှ ထောက်ပံ့ငွေကျပ်နှစ်သိန်းနှင့် ဇော်သက္ကကုမ္ပဏီမှ ထောက်ပံငွေကျပ် (၅)သိန်းတို့ကိုပေးအပ်ရာ ပြည်နယ်ပြေးခုန်ပစ်အသင်း အုပ်ချုပ်/နည်းပြအဖွဲ့များက လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မေလ ၂၉ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး U-18 ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား ၂၂ ဦးနှင့် နည်းပြ/အုပ်ချုပ်သူ ၅ ဦးတို့အား တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ထောက်ပံ့မှုဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေး ပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)တွင် ဖွင့်လှစ်သင်ကြားသည့် သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်များဖြစ်သော အခြေခံကွန်ပျူတာသင်တန်း၊ မိတ်ကပ်နှင့် ဆံပင်အလှပြုပြင်ခြင်းသင်တန်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၃) သင်တန်းဆင်းပွဲကို မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်က အဆိုပါကျောင်း နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့သင်တန်းဆင်းကြမည့် သက်မွေးပညာရပ်ဆိုင်ရာကာလတိုသင်တန်းများသည် မိမိတို့၏ လက်တွေ့လူမှုနယ်ပယ်တွင် အမှန်တကယ်အကျိုးရှိသော ပညာရပ်များဖြစ်ကြပြီး ကြိုးကြိုးစားစား လေ့လာသင်ယူမှတ်သားခဲ့မည်ဆိုပါက ခိုင်မာသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တစ်ဦးချင်းဝင်ငွေလည်းပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတများနှင့်ကျွမ်းကျင်မှုများကိုအသုံးချပြီး မိမိတတ်ကျွမ်းသွား သည့် ပညာရပ်များဖြင့် ဒေသအကျိုးရပ်ရွာအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဆင့်မြင့်စက်ချုပ်သင်တန်းတွင် ထူးချွန်သင်တန်းသူတစ်ဦးအား အပ်ချုပ်စက်တစ်လုံးနှင့် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်က အခြေခံကွန်ပျူတာသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က မိတ်ကပ်နှင့်ဆံပင်အလှ ပြုပြင်ခြင်းသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်စိုးက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် သင်တန်းဆင်းသွားသော သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်းသင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ သင်တန်းဆင်းလက်ရာများအား ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ယနေ့သင်တန်းဆင်းပွဲတွင် အခြေခံစက်ချုပ်သင်တန်းတွင် သင်တန်းသူ ၁၆ ဦး၊ အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး၊ မိတ်ကပ်နှင့်ဆံပင်အလှပြုပြင်ခြင်းသင်တန်းတွင် သင်တန်းသူ ၁၀ ဦး စုစုပေါင်း သင်တန်းသား၊သင်တန်းသူ ၅၁ ဦး သင်တန်းဆင်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသေးသည့် ပြည်သူလူထုအား ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော လူထုကျန်းမာရေး လုပ်သားသင်တန်းဆင်းပွဲကို မေလ ၂၄ ရက်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့နယ်၊ တရုတ်လှတိုက်နယ်ဆေးရုံ၌ ကျင်းပရာ လူထုကျန်းမာရေးလုပ်သား မောင်မယ်များက ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကရင်ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြိုဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူထုကျန်းမာရေးလုပ်သားများ အနေဖြင့် တစ်လတာကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသော ဘာသာရပ်အလိုက် စာတွေ့၊လက်တွေ့ဖြင့် ဆည်းပူးလေ့လာသင်ယူခဲ့ကြပြီး မိမိတို့နေရပ် ပြန်လည်ရောက်ရှိသည့်အခါ ပို့ချသင်ကြားဆည်းပူးလေ့လာခဲ့သည့် အသိပညာ၊ အတတ်ပညာများကို လက်တွေ့အသုံးချ၍ မိဘပြည်သူများအားလုံး၏ ကျန်းမာရေးကို လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ အဆင့်အတန်းမရွေး ကာကွယ်စောင့်ရှောက်ပေးကြရန် မှာကြားလိုကြောင်း၊ ယနေ့အောင်မြင်စွာသင်တန်း ပြီးဆုံးခဲ့သော လူထုကျန်းမာရေးလုပ်သားမောင်မယ်များအနေဖြင့် မိမိမွေးဖွားကြီးပြင်းနေထိုင်ရာ ရပ်ရွာအကျိုး၊ မြို့နယ်အကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သော သားကောင်းရတနာ၊ သမီးကောင်း ရတနာလေးများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လူထုကျန်းမာရေးလုပ်သားသင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော သင်တန်းသား၊ သင်တန်းသူ(၃)ဦးအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ သင်တန်းတွင် သင်ကြားပို့ချပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များကို လည်းကောင်း၊ လူထုကျန်းမာရေး လုပ်သားမောင်၊ မယ်များအား လူထု ကျန်းမာရေး လုပ်သားဝတ်စုံများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)