တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်၊ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်များသို့ သန့်စင်ပြီးသော သောက်သုံးရေထုတ်လုပ်ဖြန့်ချိရေးစီမံကိန်းကို ST Water Works(Dawei) Co.,Ltd မှ (B.O.T)သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ဆွေးနွေးပွဲသို့ တက်ရောက်

ထားဝယ်    မေ    ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၊ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်များသို့ သန့်စင်ပြီးသော သောက်သုံးရေထုတ်လုပ် ဖြန့်ချီရေးစီမံကိန်းကို ST Water Works(Dawei) Co.,Ltd က (B.O.T) သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဆွေးနွေးပွဲတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ထားဝယ်ခရိုင်အတွင်း ရေကောင်းရေသန့်ရရှိရေးအတွက် ရေလုံလောက်စွာအသုံးချနိုင်ရေး၊ ဖြန့်ချိနိုင်ရေးနှင့်ပတ်သက်ပြီး ST Water Works (Dawei) Co.,Ltd  နှင့် ပေါင်းစပ်ညှိနှိုင်းပြီး  စာချုပ် ချုပ်ဆိုနိုင်ရေး ရှင်းလင်းဆွေးနွေးသော အခမ်းအနားဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ကျွန်းစွယ်ဖြစ်သည့်အတွက် မြေအနေအထားအရ  နေရာအချို့တွင် မြေအောက်၌ ကျောက်ကျောကြီးများစွာရှိသောကြောင့် ရေအခက်အခဲရှိကြောင်း၊  ယခင်နှစ်က လျှပ်စစ်စီမံကိန်းရှိသည့်အတွက် အညာဖျားချောင်းကိုပိတ်ပြီး ထွက်ရှိသောရေကို ထားဝယ်သို့ပို့လွှတ်နိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရကြောင်း၊   တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရေကောင်းရေသန့်နှင့် ရေလုံလောက်စွာရရှိရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ကုမ္ပဏီများအနေဖြင့် မြန်ဆန်စွာ အောင်မြင်အောင်လုပ်ကိုင်ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသည်။

ထို့နောက် ST Water Works (Dawei) Co.,Ltd မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စီမံကိန်းဆိုင်ရာများအား ရှင်းလင်းတင်ပြရာ ဌာနဆိုင်ရာများက လိုအပ်သည်များကို ဖြည့်စွက်ဆွေနွေးပြီး ဆွေးနွေးတင်ပြချက်များ အပေါ်တွင်တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)