ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်

ချောင်းသာ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မြို့ပေါ် နှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အ.လ.က(ချောင်းသာ)၌ ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုများကို မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ ကျောင်းရှိ သက်ဆိုင်ရာ အတန်းအသီးသီးတွင် ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက် ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်လျက်ရှိသည်များကို  မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

(၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ကျောင်းအပ်နှံ ရာတွင် အခကြေးငွေကောက်ခံခြင်းမရှိပဲ  ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)