ကွတ်ခိုင်မြို့‌တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကွတ်ခိုင် မေ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေဂန္ဓမာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေ့ဦးစွာအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်ကွတ်ခိုင်ခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ခရိုင်ရဲမှူးကြီး လှိုင်မင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးဆလိုင်း အောင်မင်းက ကျောင်းအပ်နှံရေးနှင့် လမ်းညွှန်မှာကြားရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသတင်း ပတ်အဖြစ် မေလ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု စတင်လက်ခံပေးနေပြီး မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၏ပညာရေး သည် စနစ်သစ်ဖြစ်ရာ သင်ကြားပို့ချ ပေးမည့်ဆရာ၊ ဆရာမများမှာလည်း KG မှ G-12 အထိသင်တန်းများ တက်ရောက်ပြီးစီးပြီဖြစ် သောကြောင့် သင်ကြားရေးအတွက် အဆင်သင့်ဖြစ်နေကြောင်းနှင့် နိုင်ငံတော်မှ ပညာရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေထားသော ကျောင်းသုံးပစ္စည်းများဖြစ်သည့် ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ခရိုင်ရဲမှူးကြီး လှိုင်မင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် ဌာနဆိုင်အကြီးအကဲများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။ 

ချစ်မျိုးဦး (ကွတ်ခိုင်)