ငပုတော မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက တမန်ချောင်းကျေးရွာအုပ်စု တောရကျောင်းတိုက်ဓမ္မာရုံတွင် တမန်ချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေး နည်းပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စိုက်ပျိုးရေးနည်းပညာပေး ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသန်းဦးက တစ်ဧက ၁၀ တင်းနှုန်း တိုးထွက်စေရေး၊ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေသြဇာ၊ သစ်စိမ်းမြေသြဇာများ သုံးစွဲရေး၊ နိုင်ငံ့စီးပွားမြင့်တင်ရေးလုပ်ငန်းနှင့် ပတ်သက်သည့် ဆောင်ရွက်ပေးနေမှုများနှင့် စိုက်ဘဏ်ကြွေး များ ပြန်လည်ပေးဆပ်ရန်ရှိသည့် တောင်သူများအနေဖြင့် ပြန်လည်ပေးဆပ် နိုင်ရေး ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမျိုးသန့်က သဘာဝမြေသြဇာပြုလုပ်နည်းများ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးအသုံးပြုပုံများနှင့် စိုက်ပျိုးရေးနည်း စနစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တမန်ချောင်းကျေးရွာအုပ်စု တောင်သူ ဦးမြင့်စိန်၏ လယ်မြေ (၅.၀၀)နှင့် ဟင်းအိုချောင်းကျေးရွာစု တောင်သူ ဦးအောင်လှ၏ လယ်မြေ(၅.၀၀)ဧက၌ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်မျိုးစေ့များ ကြဲပက်ပွဲပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)