အုတ်တွင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံနေမှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုအားပေး

အုတ်တွင်း မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံနေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုအားပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီက ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံမှုလျာထားချက်ပြည့်မီကျော်လွန်ရေး၊ ကျောင်းလာရောက်အပ်နှံသူမိဘအုပ်ထိန်းသူများနှင့် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးတို့ကို မြို့နယ်တွင်းရှိသက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့်ဆရာ၊ ဆရာမများက ကြပ်မတ်ဆောင်ရွက်ပေးရန်နှင့် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးထားသည့် စာရေးကိရိယာပစ္စည်းများ စုံလင်စွာ ထောက်ပံ့ပေးနိုင်ရေး မှာကြားခဲ့သည်။

အုတ်တွင်းမြို့နယ်တွင် ထက်/လယ်/မူ အခြေခံပညာကျောင်းပေါင်း(၁၆၈)ကျောင်းရှိပြီး စာရင်းရှိကျောင်းသားကျောင်းသူဦးရေ ၃၀၇၈၇ ဦးရှိသည်။ မေလ ၂၃ ရက်တွင် ကျောင်းလာရောက်အပ်နှံမှု ကျောင်းသားကျောင်းသူဦးရေ ၅၈၁၆ ဦး ရာခိုင်နှုန်းအားဖြင့် ၁၈ ဒသမ ၈၉ ရာခိုင်နှုန်းနှင့် မေလ ၂၄ ရက် ယနေ့တွင် ၇၅၈၆ ဦး ၃၀ ဒသမ ၃၈ ရာခိုင်နှုန်းလာရောက်အပ်နှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေမင်းရည်စော (ပြန်/ဆက်)