နေပြည်တော် မေ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ခွန်စံလွင်နှင့် ဦးရွှေကြိမ်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အောင်မြင်ကုန်းကျေးရွာ နှင့် တံတားဦး ကျေးရွာများမှ လေဘေးသင့်ပြည်သူများတက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဧပြီလ ၂၁ရက်နေ့က ဖြစ်ပွားခဲ့သည့် လေပြင်းဘေးကြောင့်ထိခိုက်ခံစားခဲ့ရသည့် လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ တံတားဦးကျေးရွာ နှင့် အောင်မြင်ကုန်းကျေးရွာတို့မှ လေဘေးသင့်ပြည်သူများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ တိုင်းများအနေဖြင့် ကိုယ့်သွေးချင်းသားရင်းပမာ လူမျိုးဘာသာ မခွဲခြားဘဲ လူသားချင်း စာနာစိတ် အပြည့်ဖြင့် စားရေရိက္ခာဖူလုံစေရန် တစ်ထောင့်တစ်နေရာမှ ပါဝင်လှူဒါန်း ထောက်ပံ့ရခြင်းဖြစ်ပါ ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့တို့ ကိုယ်စား လေဘေးသင့်အိမ်ထောင်စု(၂၅၅)စုတို့အား ဆန်၊ ဆီရိက္ခာများ ထောက်ပံ့လှူဒါန်းသွားမှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် အညီ လေဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာများအား စနစ်တကျပြန်လည် ထူထောင်နိုင် ရေးအတွက်ကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် စေတနာရှင် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းသည့်ပစ္စည်းများနှင့် ငွေများအား အလေအလွင့်မရှိစေရေး မှတ်တမ်းပြုစုဆောင်ရွက်လျက်ရှိကြောင်း၊ လေဘေးသင့် ကျေးရွာ နှစ်ရွာအား ပြန်လည်ထူထောင်ရေးအတွက် စီမံဆောင်ရွက်ထားမှု အခြေအနေများ၊ ဆန်၊ ဆီရိက္ခာများ ထောက်ပံ့လှူဒါန်းပေးကြသည့် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ် ရေးအဖွဲ့တို့အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ထောက်ပံ့လှူဒါန်းသည့် ဆန်၊ ဆီရိက္ခာများကို လည်းကောင်း၊ မြန်မာ နိုင်ငံဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အရာထမ်းအမှုထမ်းများမှ လှူဒါန်းသည့် လှူဒါန်းငွေ ၄၂၁၈၇၀၀ ကျပ်ကိုလည်းကောင်း ထောက်ပံ့လှူဒါန်းကြရာ လေဘေးသင့်အိမ်ထောင်စုများ၏ကိုယ်စား လယ်ဝေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအတွက် လေဘေးသင့်ကျေးရွာမှ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အားပေးစကားပြောကြားခဲ့ကြသည်။
လေဘေးသင့်အိမ်ခြေ ၂၅၅ အိမ်အတွက် အိမ်ထောင်စုတစ်စုလျင် ဆန် တစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ တန်ဖိုး ၉၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၉၂ သိန်းခန့်နှင့် ထောက်ပံ့ငွေ ၄၂၁၈၇၀၀ ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)