ကမာဝက်မြို့၌ ရခိုင်ပြည်နယ်လေဘေးသင့် ပြည်သူများအတွက် လှူဒါန်းငွေပေးအပ်ပွဲအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မုဒုံ     မေ     ၂၄

မွန်ပြည်နယ်၊ ကမာဝက်မြို့တွင် ရခိုင်ပြည်နယ်လေဘေးသင့်ပြည်သူများအတွက် လှူဒါန်းထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက  ရတနာဒေဝသာရုံခြင်္သေ့ကျောင်းတိုက်၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်သူရအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။

အခမ်းအနားတွင် ကမာဝက်မြို့ခြင်္သေ့ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တစန္ဒကုမာရထံမှ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဦးစီးချုပ်နှင့်တာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး လေဘေးသင့်ပြည်သူများအတွက် ဒေသခံပြည်သူများနှင့် သံဃာတော်များ ပရဟိတအသင်းများမှလှူဒါန်းသည့် အလှူငွေကျပ် သိန်း ၁၀၀ အား ကမာဝက်မြို့သူ/မြို့သာများကိုယ်စား ကမာဝက်မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင်မှ အလှူငွေပေးအပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက်  မွန်ပြည်နယ်ဝန်ကြီးချုပ်၊အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ခြင်္သေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒကုမာရနှင့် ပင့်သံဃာတော်(၅)ပါးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ လေဘေးသင့်ပြည်သူများအတွက် စုပေါင်းထောက်ပံ့လှူဒါန်းငွေများပေးအပ်လှူဒါန်းခြင်းနှင့်ပက်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ခြင်္သေ့ကျောင်းတိုက်ဆရာတော်မှရေးစက်ချတရားဟောကြားခဲ့ကာ တက်ရောက်လာသူများ မှ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမာဝက်မြို့၊ ရှမ်းစုရပ်ရှိ အောင်တော်မူကျောင်းတိုက်သို့ ရောက်ရှိခဲ့ကာ ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ် ဆောက်လုပ်လျက်ရှိသည့် ကမ္ဘာလုံးစေတီတော် ဆောက်လုပ်ထားရှိမှုအခြေအနေအား လိုက်လံကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အောင်တော်မူကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ သီလဝန္တအား ဖူးမြော်ကြည်ညို၍ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)