ပခုက္ကူ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ငရုတ်သီးခြောက်တစ်ပိဿာလျှင် ငွေကျပ်နှစ်သောင်းခန့် အထိရရှိသောကြောင့် ကျေးရွာများရှိ ငရုတ်စိုက်တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စု၊ ဘဲကြီးကျေးရွာ၊ ငကျော်ကျေးရွာနှင့် မြင်းဝင်းကျေးရွာတို့တွင် ငရုတ်သီးနှံများ အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ဧကပေါင်း သုံးသောင်းကျော် ရှိကြောင်း၊ ငရုတ်သီးနှံကို ပျိုးပေါင် စနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် ငါးပေါင်မှခြောက်ပေါင်အထိ စိုက်ပျိုးကာ တစ်ပေါင်ကို ငွေကျပ်ငါးသောင်းခန့်အထိ ကုန်ကျလျက်ရှိကြောင်း၊ အဓိကစိုက်ပျိုးသည့် ငရုတ်သီးနှံများမှာ မျှားနီ၊ ပန်းရဲနှင့် အစပ်သီးမျိုးတို့ဖြစ်ပြီး အမျိုးအစားအလိုက် ဈေးနှုန်းများလည်း ကွာခြားလျက်ရှိကြောင်း၊ လက်ရှိတွင် ငရုတ်ခြောက်အရှည်တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၀၊ ငရုတ်သီးခြောက် (ကျွန်းခြောက်)တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀၀၊ ငရုတ်ခြောက်(ပု)တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀၊ သန့်စင်ပြီးသော ငရုတ်သီးခြောက်(ခွဲခြမ်း)တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀၊ ငရုတ်သီး (အနုမှုန့်)တစ်ပိဿာလျှင် ငွေကျပ်၁၈၀၀၀ခန့်စီဖြင့် ပခုက္ကူ မြို့၊ အမှတ်(၁) စည်ပင်သာယာဈေးအပါ အဝင်ယာယီပျံကျဈေးတို့တွင် အရောင်းအဝယ်ဖြစ်ကြောင်း၊ ကျေးရွာတွင်း ငရုတ်သီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ မှ ၁၀၅၀၀ ခန့်အထိ ဈေးနှုန်းရှိပြီး တောင်သူလက်ကျန်အနေဖြင့် ငရုတ်သီးခြောက်ပိဿာ ချိန်ပေါင် ၉၀၀၀၀ခန့်ကျန်ရှိသောကြောင့် တောင်သူများအနေဖြင့် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်း စိုက်ပျိုးသည့်ငရုတ်သီးနှံများကို မြို့ပေါ်ဈေးများအပြင် ရန်ကုန်၊မန္တလေး၊ မိတ္ထီလာစသည့် ပြည်တွင်းတင်ပို့ရောင်းချရရုံသာမက တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့ကိုလည်း တင်ပို့ရောင်းချ နေရကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)