တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ထားဝယ်    မေ ၂၄ 

တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဟိုတယ်ခွင့်ပြုမိန့်(၃)ခု၊ လိုင်စင်အသစ် (၆)ခု၊ အဆင့်မြင့်တည်းခိုရိပ်သာလိုင်စင်(၁)ခု၊ ခရီးသွားလိုင်စင်(၉)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်သက်တမ်း တိုးမြင့်(၂၀)ခု၊ ခရီးလှည့်လည်ရေးသက်တမ်းတိုးလိုင်စင်(၉)ခု၊ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်း သက်တမ်းတိုး(၂၉)ခု ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊  လာမည့်ပွင့်လင်းရာသီတွင် တိုင်းဒေသကြီး အတွင်းရှိသော ဟိုတယ်များက ခရီး သွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ဟိုတယ်လုပ်ငန်းများဆောင်ရွက်နေသူများအနေ ဖြင့် ခရီးသွားဧည့်သည်များ လာရောက်တည်းခိုပြီး၍ ပြန်လည်ထွက်ခွာပါက ဝန်ဆောင်မှုကောင်းသတင်းများ ပါသွားရန်လိုအပ်ကြောင်း၊ ဒေသတွင်းခရီးစဉ်နေရာများအား ပြည်တွင်း၊ ပြည်ပကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် မြှင့်တင်ကြော်ငြာနိုင်ရန်လိုအပ်ကြောင်း၊ ဟိုတယ်တစ်ခုတွင် သန့်ရှင်းသပ်ရပ်မှုသည်အရေးကြီးပြီး ဧည့်လမ်းညွှန်၏ ဆက်ဆံရေးသည်လည်းအရေးကြီးသောကဏ္ဍတွင်ပါဝင်ကြောင်း၊  တက်ရောက်လာသူများအနေဖြင့်  ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ဝိုင်းဝန်းဆွေးနွေးပေးစေလိုပြီး ခရီးသွားလုပ်ငန်းပိုမို ဖွံဖြိုးတိုးတက်အောင် ယခုအချိန်ကတည်းက ပြင်ဆင်ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူးက ယခင်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ကော်မတီမှဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက်လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ အမှာစာများအား ရှင်းလင်းတင်ပြ ကာကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း၌ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းကဏ္ဍစနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)