တာမွေ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော အသီးအနှံစားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။
အဆိုပါ အသီးအနှံစားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်း အသိပညာပေး Talk Show အစီအစဉ်တွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်စုစုမြိုင်က အသီးအနှံများတွင်ပါရှိသည့် ဗီတာမင်များက လူသားတွေ၏ ကျန်းမာရေးကိုများစွာအထောက်အကူပြုပုံများ၊ အသီးအနှံများကို ပုံမှန်မှီဝဲစားသုံးခြင်းဖြင့် ရရှိလာနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်းနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသေးစိတ်အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့်အသိပညာပေး Talk Show များကို ထုတ်လွှင့်ပေးလျက်ရှိပြီး အဆိုပါအသိပညာပေးအစီအစဉ်များကို တာမွေမြို့နယ်ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင်လည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)