ဖားဆောင်း မေ ၂၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက် ၈ နာရီအချိန်က ကျောင်းအပ် စတင်လက်ခံခြင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းများစတင်အပ်နှံနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေးတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ အတန်းလိုက် ဆရာ၊ ဆရာမများက စနစ်တကျကျောင်းအပ်လက်ခံပေးကြကြောင်း၊ KG တန်းမှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်မှု အနေဖြင့် အထက(၂)ကျောင်း၊ အထကခွဲ(၂)ကျောင်း၊ အလက(၂)ကျောင်း၊ အလကခွဲ (၁) ကျောင်း၊ မူလတန်းလွန် (၃) ကျောင်း၊ မူလတန်း (၉) ကျောင်း၊ စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း (၁၉) ကျောင်းဖွင့်လှစ်နိုင်ရန်လျာထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)