တောင်တွင်းကြီးမြို့နယ်၌ အခြေခံပညာကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိရာ  ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၇၇၉၈)ဦးလာရောက်အပ်နှံ

တောင်တွင်းကြီး မေ ၂၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ယမန်နေ့နံနက်ပိုင်းက စ တင်၍ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိရာ ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း( ၇၇၉၈) ဦး လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိဘဲ နိုင်ငံတော်မှ ထောက်ပံ့သည့် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ဗလာ စာအုပ်များ၊ ဘောပင်၊ ခဲတံ စသည့်စာရေးကိရိယာပစ္စည်းများကို အခမဲ့ထုတ်ပေး ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄) ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂) ကျောင်းနှင့် အခြေခံပညာကျောင်းပေါင်း (၂၅၃)ကျောင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလျာထားဦးရေ (၄၉၈၅၅)ဦးရှိပြီး ယမန်နေ့က ကျောင်းအပ်လက်ခံဆောင်ရွက်မှုအရ မူလတန်းအဆင့်တွင် (၄၆၇၇) ဦး၊ အလယ်တန်းအဆင့်တွင် (၁၉၇၂)ဦးနှင့်အထက်တန်းအဆင့်တွင် (၁၁၄၉) ဦး စုစုပေါင်း (၇၇၉၈) ဦး လာရောက်အပ်နှံခဲ့ပြီး ယခုနှစ် ကျောင်းအပ်နှံရေးနေ့သီတင်းပတ်အဖြစ် မေ (၂၃) ရက်မှ (၃၁) ရက်ထိ သတ်မှတ်ကာ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)