တာမွေ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် အောင်မင်္ဂလာလမ်းရှိ မင်္ဂလာသုခပါဠိတက္ကသိုလ်တွင် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့တာမွေမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ဆရာတော်သံဃာတော်များအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင်များနှင့် ဥပါသကာအဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင်လိုအပ်သည်များကို ဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း အပါအဝင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ အရှိန်အမြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃-ခုနှစ် မေလ(၂၃)ရက်နေ့တွင် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်/သံဃာတော်အပါး (၂၉)ပါးနှင့် ဘုန်းကြီး ကျောင်းသား(၂၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်