ထန်းတပင်(ရန်ကုန်) မေ ၂၄
ငါးမွေးမြူရေးလုပ်ငန်းများပိုမို၍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဘူးသနွတ်ကျေးရွာအုပ်စုနှင့် ကမြိုင်ကျေးရွာအုပ်စုတို့တွင် ငါးမွေးမြူရေးဇုံစီမံကိန်းကို မွေးမြူရေးဇုံနှစ်ပိုင်းခွဲကာ Steel Stone Group of Companies မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ငါးမွေးမြူရေးဇုံစီမံကိန်းနှင့်ပတ်သက်၍လည်း Steel Stone Group of Companies မှ အထွေထွေ မန်နေဂျာဦးပြုံးချိုကို မေးမြန်းရာတွင် ငါးမွေးမြူရေး ဇုံစီမံကိန်းမှာ ဇုံအေနဲ့ ဇုံဘီဆိုပြီးတော့ရှိပါတယ် ဇုံအေအနေနဲ့ ဘူးသနွတ်ကျေးရွာအုပ်စုမှာ တောစွန်းငါးမွေးမြူကန် ဧရိယာ(၅၇၅)ဧက၊ ဇုံဘီအနေနဲ့ ကမြိုင်ကျေးရွာအုပ်စုမှာ ကောမူစံ ငါးကန်ဧရိယာ (၃၀၀)ဧက စုစုပေါင်း ငါးကန်ဧရိယာ (၈၇၅) ဧကကို အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ် ငါးမွေးမြူဇုံစီမံကိန်းကို ၂၀၂၃ခုနှစ် ဇန်နဝါရီလပိုင်းကနေပြီးတော့ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပြီးတော့ စီမံကိန်းကာလ(၂)နှစ် ဖြစ်ပါတယ်ဟု ရှင်းပြခဲ့ပါသည်။
ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားလာစေရေးနှင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက်လည်း ထန်းတပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို နှစ်စဉ်ကြီးကြပ် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် မြို့နယ်အတွင်း ပုဂ္ဂလိကငါးမွေးမြူရေး လုပ်ငန်းရှင်(၄၀၅)ဦး၊ ကုမ္ပဏီ(၂)ခုရှိပြီး ငါးကန်ဧရိယာ စုစုပေါင်း (၁၁ဝ၂၅.၃၆)ဧကနှင့် ပုဇွန်မွေးမြူရေးလုပ်ငန်းရှင်(၁၉)ဦး ပုဇွန်ကန်ဧရိယာ စုစုပေါင်း(၄၈၁.၅၃)ဧကထိ ရှိကြောင်းလည်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)