မတ္တရာ မေ ၂၄
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နွေရာသီအခြေခံ အင်္ဂလိပ်စာ၊ အခြေခံတရုတ်စာနှင့် ကိုရီးယားစာသင်တန်းများဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို သင်တန်းသားများက မြန်မာ့ကျောင်းသီချင်းကိုသီဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးစန်းယုမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်တို့မှ သင်တန်းထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ အင်္ဂလိပ်စာသင်တန်းသားများမှ The Alphabet Song သီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ အင်္ဂလိပ်၊ တရုတ်နှင့် ကိုရီးယားသင်တန်းနည်းပြဆရာများအား ဂါရဝပြု လက်ဆောင်ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သင်တန်းကာလတွင် သင်တန်းရက်မှန် ဆုများကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့သည်။ ထို့နောက် သင်တန်းများကိုယ်စား သင်တန်းသူနှစ်ဦးမှ မြန်မာဘာသာဖြင့်လည်းကောင်း အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ကျေးဇူးတင်စကားကို ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်း၊ အခြေခံတရုတ်စာသင်တန်းနှင့် အခြေခံကိုရီးယား စာသင်တန်းများကို ဧပြီလ ၂၃ ရက်နေ့မှ စတင်၍ တစ်လတာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ရာ သင်တန်းသားသင်တန်းသူ (၄၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)