မူဆယ် မေ ၂၄
၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အစိုးရအခြေခံပညာရေးကျောင်းများကို တစ်နိုင်ငံလုံးကျောင်းအပ်နှံရေး နေ့သီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ မေလ(၃၁) ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ အစိုးရအခြေခံပညာရေးကျောင်းများက ယမန်နေ့ နံနက် (၈း၃၀)အချိန်တွင် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ ကျောင်းအပ်လက်ခံရာတွင် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၄ပညာသင်နှစ်တွင် အစိုးရအခြေခံပညာရေး ကျောင်းများ တက်ရောက်သင်ကြားကြမည့် ကျောင်းသား/သူသည် မိဘများနှင့်အတူ လာရောက် ကျောင်းအပ်နှံ လျက်ရှိရာ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့်တကွ ဆရာ၊ဆရာမများက နွေးထွေးပျူဌာစွာ ကြိုဆိုလက်ခံလျက်ရှိပါသည်။ ကျောင်းအပ်လက်ခံရာတွင် KGအတန်း ကျောင်းသား/သူလေးများအနေဖြင့် မွေးစာရင်းမိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူနှင့် မိဘအုပ်ထိန်းသူ တို့၏ မှတ်ပုံတင်မိတ္တူများ တစ်ပါထဲယူဆောင်ကာ ကျောင်းအပ်နှံရပြီး ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့်အခြားကျောင်းသုံး ပစ္စည်းများကို အခမဲ့ ထောက်ပံပေးလျက်ရှိပါသည်။
မူဆယ်မြို့နယ်အတွင်းရှိ အစိုးရအခြေခံပညာရေးကျောင်းများတွင် ကျောင်းအပ်လက်ခံရာ၌ ယနေ့ မေလ(၂၃)ရက်နေ့တွင် မူလတန်းအဆင့်(၁၃၂၆)ဦး၊ အလယ်တန်းအဆင့်(၂၄၄)ဦးနှင့် အထက်တန်းအဆင့်(၄၈) ဦး လာရောက်ကျောင်းအပ်နှံကြပြီး ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများတွင် မူလတန်းအဆင့် (၁၁၄၀) ဦး၊ အလယ်တန်းအဆင့်(၄၂)ဦးနှင့်အထက်တန်းအဆင့်(၂၁)ဦး အပ်နှံလျက်ရှိပါသည်။ ထို့အပြင် ဘုန်းတော်ကြီး ပညာသင်ကျောင်းများတွင်လည်း အထက်တန်းအဆင့် (၁၃)ဦးနှင့် အလယ်တန်းအဆင့်(၂)ဦး ကျောင်းအပ်နှံလျက်ရှိပြီး စုစုပေါင်း (၂၈၃၆)ဦး လာရောက်ကျောင်းအပ်နှံ လျက်ရှိကာ ကျောင်းအပ်လက်ခံဆရာ/ဆရာများ ကလည်း ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ မူဆယ်မြို့နယ်အတွင်း အစိုးရအခြေခံပညာရေး ကျောင်းများတွင် ကျောင်းသား/သူများ အေးချမ်းစွာကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးကြီးနှင့်တကွ ကျောင်းအုပ်ဆရာကြီး/ ဆရာမ ကြီးများ၊ လုံခြုံရေးအဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်ဆက်)