တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် ဆန်းစစ်ခြင်း အစီအစဉ်နှင့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မှော်ဘီ        မေ      ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်ဆန်းစစ်ခြင်းအစီအစဉ်နှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မှော်ဘီမြို့နယ်၊ ယင်းဒိုက်ပင်ကျေးရွာအုပ်စု၊ ကင်မလင်း ချောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားခြင်း မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်က သင်တန်းသား၊ သင်တန်းသူများအား အားပေးစကားပြောကြားခြင်း တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက စစ်တမ်းကောက်ယူရခြင်း အကြောင်းရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးပြေဟိန်းနိုင်က ဝန်ကြီးဌာနမိတ်ဆက်ခြင်းနှင့် TA/LT ဆရာ၊ ဆရာမ များ ခန့်ထားခြင်းအကြောင်းအရာများ ရှင်းလင်းပြောကြားခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်စန်းမြင့်နှင့် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မှော်ဘီခရိုင်ဒုတိယညွှန်ကြားရေးမှူးဒေါ်ဥမ္မာညွန့်တို့က ဝန်ကြီးဌာနမိတ်ဆက်ခြင်း၊ အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးရဲဇော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းရင်သားအခွင့်အရေးများ ကာကွယ်စောင့်ရှောင့်ရေးဦးစီးဌာနမှ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခဲ့ပြီး အဆိုပါသင်တန်းသို့သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးတက်ရောက်ကြပြီး ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် လက်သန့်ဆေးရည်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာများကို မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့ ၅ ရက်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်များ၊ ရပ်ဖိရပ်ဖနှင့် သင်တန်းသား၊ သင်တန်းသူ(၁၂၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော်(မှော်ဘီ)