တံတား မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ပြည်သူ့ဆေးရုံတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သွေးတိုး၊ ဆီးချိုရောဂါများကဲ့သို့သော နာတာရှည်ရောဂါများအပြင် အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ရာသီတုပ်ကွေး၊ ဖျားနာခြင်းများကဲ့သို့သော ရောဂါများကိုလည်း အခမဲ့စမ်းသပ်ကုပေးလျက်ရှိကြောင်း အဘိုး၊ အဘွားများ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်စေရန်ရည်ရွယ်၍ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဆရာမကြီးဦးဆောင်၍ သက်ကြီးဘိုးဘွားများအတွက် လိုအပ်သောဆေးပစ္စည်းများနှင့် အာဟာရများကို ကျန်းမာရေးဦးစီးဌာနမှ ထောက်ပံ့ပေးထားသည့်အပြင် မြို့နယ်အတွင်းရှိ အလှူရှင်များကလည်း ဖြည့်ဆည်းလှူဒါန်းပေးလျက်ရှိကြောင်းနှင့် လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဖြိုးသီဟ (တံတားပြန်ဆက်)