ပေါင်းတည် မေ ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နံနက် ၄ နာရီခွဲက မီးပေါ့ဆစွာအသုံးပြုမှုကြောင့်နွယ်ချို(၁)ရပ်ကွက်၊ အရှေ့လမ်းရှိနေအိမ် ၅ လုံး မီးလောင်ကျွမ်းမှုခံရပြီးနောက် ယမန်နေ့ညနေ ၄ နာရီက ယင်းမီးဘေးသင့်အိမ်ထောင်စုများအား ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ကူညီထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မီးလောင်ပြင်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါငွေသားနှင့်ကူညီကယ်ဆယ်ရေးပစ္စည်းများ ကူညီထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင်၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများက မီးဘေးသင့်မိသားစုဝင် ၁၄ ဦးအတွက် ရိက္ခာဆန်နှင့်အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ မီးဘေးသင့်နေအိမ်များ ပြန်လည်ထူထောင်ဆောက်လုပ်နိုင်ရန်အတွက် နေအိမ် ၁ လုံးစီအတွက် ငွေကျပ် ၂ သိန်းစီ စုစုပေါင်းနေအိမ် ၅ လုံးအတွက် ကျပ် ၁၀ သိန်းတို့ကို ကူညီထောက်ပံပေးအပ်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် မီးဘေးသင့်နေအိမ်များမှ အိမ်ထောင်စုဝင်မိသားစုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင်နှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။
သူရကြီး ( ပြန်/ဆက်)