မူဆယ် မေ ၂၄
မူဆယ်ခရိုင် ကြက်ခြေနီအသင်းများ၏ လုပ်ငန်းတာဝန်များကို ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆက်လက်လုပ်ဆောင်ရန်အတွက် မူဆယ်ခရိုင်အတွင်းရှိ ကြက်ခြေနီအသင်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့ နေ့လယ်(၁:၀၀) အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ အစည်းအဝေးတွင် မူဆယ်ခရိုင်၊ ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက ကြက်ခြေနီအသင်းများက မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အသင်းအဖွဲ့များကို စနစ်တကျ ပြန်လည်ဖွဲ့စည်းတည်ထောင်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးတို့ကို အကြံပြုပြောကြားခဲ့ပါသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော မူဆယ်ခရိုင်အတွင်းရှိ မြို့နယ်များမှ သက်ဆိုင်ရာ ကြက်ခြေနီအသင်းတပ်ခွဲမှူးများ၊ ဦးဆောင်သူများနှင့် ကြက်ခြေနီအသင်းအဖွဲ့ဝင်များက ကြက်ခြေနီအသင်းအဖွဲ့များတွင် မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ ပါဝင်ကူညီ အားဖြည့်ဆောင်ရွက်ခဲ့ပုံများနှင့် ဖွဲ့စည်းပုံကို စနစ်တကျ ကျစ်ကျစ်လစ်လစ် ပြန်လည်ဖွဲ့စည်းရန်၊ ကြက်ခြေနီအသင်းများ၏ ရန်ပုံငွေများကို စီမံခန့်ခွဲရန်အတွက် ရေရှည်မျှော်မှန်းချက်လုပ်ငန်းစဉ်များကို ထပ်မံရေးဆွဲရန်၊ လူနာပြုစုရေး၊ ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ရေးနှင့် ဒုက္ခသည်များကို ကူညီစောင့်ရှောက်ရေးတို့အတွက် သူနာပြုပညာရပ်များ သင်ကြားထားစေရန်နှင့် မိမိတို့ခရိုင်အတွင်း ပရဟိတကြက်ခြေနီအသင်းများကို နိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပဒေနှင့် ကိုက်ညီမှုရှိစေရေးတို့ကို အဖွဲ့ဝင်များ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ယခင်ထက် ဟန်ချက်ညီညီ ပေါင်းစပ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း အဖွဲ့ဝင်တစ်ဉီးဆီက အကြုံပြုကြရင်း ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
ဆက်လက်ပြီး အစည်းအဝေးတွင် အသင်းကြီး၏ ဆက်လက်လုပ်ဆောင်ရမည့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်တိုင်ပင်ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ကြက်ခြေနီ အသင်းကြီး၏ သမိုင်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကာ အသင်းကြီး၏ လူမှုဝန်ထမ်းလုပ်ငန်းတာဝန်များကို ပိုမိုလျင်မြန်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် မူဆယ်ခရိုင်အတွင်းရှိ ကြက်ခြေနီအသင်းများကို ခရိုင်/မြို့နယ်ကြီးကြပ်မှုကော်မတီနှင့် ဉက္ကဋ္ဌ၊ ဒု-ဉက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် (၉)ဦးစီဖြင့် အဖွဲ့ဝင် စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)