လားရှိုးမြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

လားရှိုး မေ ၂၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်း၌ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃ ခုနှစ် မေ ၂၃ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံလျက်ရှိရာ မေလ ၂၄ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် လားရှိုးမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းအပ်နှံမှုကို လားရှိုးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း နှင့်အဖွဲ့ဝင်များက KG တန်းမှ Grade 12 အထိ စနစ်တကျ ကျောင်းအပ်လက်ခံပေးနေမှုနှင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ   ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

လားရှိုးမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဟူသည့် ဆောင်ပုဒ်နှင့်အညီ  ကျောင်းစတင်အပ်နှံလျက်ရှိကြရာ ကျောင်းအပ်နှံသည့် ပထမနေ့ဖြစ်သည့် မေလ ၂၃ ရက်နေ့တွင် လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၂၂၂၅ ဦး ရှိကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကာလအတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုအနေဖြင့် အထက်တန်းကျောင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၀ ကျောင်း၊ အလယ်တန်း ကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၂၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၄၉ ကျောင်း၊ မူလတန်းကျောင်း ၇၉ ကျောင်း၊ မူလတန်းကျောင်း (ခွဲ) ၃၇ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၂ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၆ ကျောင်းရှိကြောင်း လားရှိုးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

စိုင်းထွန်း (လားရှိုး)