ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် အဆင့်မြင့်ယဉ်ကျေးမှု သင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် မေ ၂၀

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးဖွင့်လှစ်သည့်အဆင့်မြင့်ယဉ်ကျေးမှုသင်တန်း  အမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်တွင် ရင်ပြင်တော်အရှေ့ဘက် ရေကြည်တော်ဝတ်အသင်းတန်ဆောင်း၌ကျင်းပသည်။

အခမ်းအနားသို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဆုထူးပန်အဘိဓမ္မာပြန့်ပွားရေးအသင်းမှ သင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဦးဟန်၊ သင်တန်းနည်းပြဆရာများ၊ ရုံးအဖွဲ့မှူး၊ ဒုတိယရုံးအဖွဲ့မှူးများနှင့်ဌာနမှူးများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက် ကြသည်။

ဆက်လက်၍ အခမ်းအနားကို“နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ကြပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးထိန်ဝင်းက သင်တန်းပြီးမြောက် အောင်မြင်မှုနှင့်ပတ်သက်၍ ဂုဏ်ယူ ဝမ်းမြောက်စကား ပြောကြားသည်။

ထို့နောက်သင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇဆရာကြီး ဦးဟန်ကသင်တန်း သင်ကြားခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သင်တန်းနည်းပြဆရာနှင့် ဆရာမတို့အား ဂါရဝပြုလက်ဆောင်ပေးအပ်ခြင်း၊ ဆုရရှိသည့် သင်တန်းသားများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ယင်းနောက်သင်တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးက သင်တန်းတက်ရောက် သင်ကြားခွင့်ရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

အဆင့်မြင့်ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၁၀)ကို ၈-၅-၂၀၂၃ ရက်နေ့မှ ၁၉-၅-၂၀၂၃ နေ့အထိ သင်တန်းသား(၃၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားများကို ပထမဆုကျပ် ငါးသောင်း၊ ဒုတိယဆု ကျပ်လေးသောင်း၊ တတိယဆု ကျပ်သုံးသောင်းနှင့် ဂုဏ်ပြုဆုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)