ချောက် မေ ၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် (၁၃၈၅)ခုနှစ်ကဆုန်လပြည့် (ဗုဒ္ဓနေ့)က ဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ညနေ(၄)နာရီ အချိန်က ချောက်မြို့မဟာဗောဓိမြို့ဦးရွှေစေတီ၊ ဘုရားကုန်းပေါ်ရှိ ဗောဓိညောင်ပင်၌ ကျင်းပခဲ့ကြသည်။
ကဆုန်လပြည့်(ဗုဒ္ဓနေ့)ပူဇော်ပွဲကို မဟာဗောဓိမြို့ဦးရွှေ စေတီဘုရားပုရဝဏ်တွင် ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်း တို့က နမောတဿသုံးကြိမ်ရွတ် ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက်မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကေသဝထံမှ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဧည့် ပရိတ်သတ်အပေါင်းတို့က (၉)ပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာယူ၍ တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး မဟာဗောဓိအရဟံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒမှ ကဆုန်လပြည့်ဗုဒ္ဓနေ့ အကြောင်း သိကောင်းစရာများ ဟောကြား၍လှူ ဒါန်းမှုအစုစုတို့ အတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ယင်းနောက် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ်ကွက်အသီးသီးမှ ဝတ်အသင်းတို့က ဓမ္မစင်္ကြာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဘုရားကုန်းပေါ်ရှိ ဗောဓိညောင်ပင် တွင်ဘုရားဆင်း ထုတော်များအား ရေသပ္ပါယ်ပူဇော်၍ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။
အဆိုပါ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲလာ ဧည့်ပရိတ်သတ်များအား မြို့နယ် ဆရာဝန်ကြီးနှင့် ဝန်ထမ်းများက နှာခေါင်းစည်း (mask)များဖြန့်ဝေပေး အပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ချောက်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်သည့် ရွှေပုံတောင်ဘုရား၊ မဟာအေးစေတီမြတ်စွာဘုရားတို့တွင်လည်း ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်း ကုသိုလ်ပြုပူဇော်သည့် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိပြီး စေတနာရှင်အလှူရှင်များကလည်း မုန့်ဟင်းခါး၊ အအေးတို့ဖြင့် ဘုရားဖူးပြည်သူများအား စတုဒီသာများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)