မင်းဘူး ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် (၅) မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လအထိ) တိုင်းဒေသကြီးဘဏ္ဍာရံပုံငွေမှ ခွင့်ပြုငွေ ကျပ်သန်းပေါင်း (၂၀၃၀၀) ကျော်ဖြင့် မြို့ပြနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအလိုက် လုပ်ငန်းအမျိုးအစားပေါင်း (၃၄၉) ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းတင့်နှင့် ခရိုင်မြေစာရင်းဦးစီးမှူး ဦးကျော်လွင်တို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် လုပ်ငန်းတာဝန်များနှင့် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို ရှင်းလင်းပြောကြား ပြီး မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲ၊ စလင်းနှင့် စေတုတ္တရာမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့သည်။
မင်းဘူးခရိုင်အတွင်းရှိ မြို့ပြနှင့်ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ကာလတို၊ ကာလရှည် စီမံကိန်းများရေးဆွဲပြီး အကောင်အတည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ခရိုင်နှင့် မြို့နယ်(၅)မြို့နယ်ရှိ ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း လယ်/ယာစိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုကဏ္ဍများအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေ ရရှိရေး၊ ဆောက်လုပ်ရေး၊ သဘာဝဘေး၊ ငါးလုပ်ငန်း၊ အသေးစားစက်မှုလက်မှု၊ သစ်တော၊ လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေး၊ လမ်းတံတား၊ ကျေးလက်ဒေသ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး စသည့်အခန်း ကဏ္ဍများအလိုက် တိုင်းဒေသကြီးဘဏ္ဍာရံပုံငွေ ဘတ်ဂျက်မှ ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၂၀၃၁၈ ဒသမ ၃၅၉ ကျပ်သန်းဖြင့် လုပ်ငန်းအမျိုးအစားပေါင်း (၃၄၉)ခုကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းတင့် ထံမှ သိရသည်။
မင်းဘူးခရိုင်အတွင်း၌ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်နှစ်တွင် အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးများမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်းများတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒေသန္တရစီမံကိန်းရည်မှန်းချက်မှာ ကဏ္ဍအလိုက် ကျပ်ဘီလီယံ ၉၃၂ ဒသမ ၉ ဖြစ်ပြီး၊ ရာခိုင်နှုန်းအားဖြင့် (၄ ဒသမ သုည) ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)