သရက်ချောင်း ဧပြီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြို့နယ်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) သက်ဆိုင်သူအားလုံး ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာဝင်း၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကောင်းမြတ်ထက်နှင့် ဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာဝင်းက မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် မြစိမ်းရောင်စီမံကိန်းဆိုသည်မှာ စီမံကိန်းဆောင်ရွက်မည့်ကျေးရွာတစ်ရွာလျှင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ်သန်း(၃၀)အား နိုင်ငံတော်ရန်ပုံငွေမှ မတည်ပေးခြင်းဖြစ်ပြီး ယင်းမတည်ပေးထားသည့် ရန်ပုံငွေများကို ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေး၍ ရန်ပုံငွေတိုးပွားစေကာ ရေရှည်တည်တံ့လည်ပတ်စေမည့် နည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ ကိုယ်တိုင်ပါဝင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အသေးစားအခြေခံအဆောက်အဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက ကျေးရွာကော်မတီဝင်များအား မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ပတ်သက်၍ ထပ်ဆင့်အမှာစကား ပြောကြားပြီး သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်က ကော်မတီဝင်များအား စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရှိသော ကျေးရွာများမှ ဆုရရှိသော ကျေးရွာ(၃)ရွာနှင့် စီမံကိန်းဆောင်ရွက်လျက်ရှိသော ကျေးရွာ(၁၀)ရွာမှ ကော်မတီဝင်များအား ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ကျေးရွာသူ/သားများမှ စီမံကိန်းနှင့် ပတ်သက်၍ အုပ်စုများဖွဲ့၍ ဆွေးနွေးခြင်း၊ စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးထားမှုများကို ကျေးရွာသူ/သားများက ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)