လှည်းကူး ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၁၃၈၄ ခုနှစ် (ခရစ်နှစ် ၂၀၂၃) ခုနှစ် မြန်မာ့ရိုးရာ အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီကမြို့မရပ်ကွက်၊ပဲခူး-ရန်ကုန်လမ်းမကြီးပေါ်၌ ကျင်းပကြောင်းသိရသည်။
အဆိုပါဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲတွင် အင်တိုင်တပ်နယ်မှူး၊ ဗိုလ်မှူးကြီးဟိန်းထက်၊ လှည်းကူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နန်းထက်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းလွင်ဦးတို့က ဗဟိုရေကစားမဏ္ဍပ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီးတေးသံရှင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ကပြဖျော်ဖြေမှုနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက အမွှေးနံသာရည် အတာရေစင်သွန်းဖြန်း၍ မြန်မာ့နှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ကြသည်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်လာသူများအား အတာရေဖြင့် ပက်ဖြန်းပေးကာ သင်္ကြန်ယိမ်းအဖွဲ့များက ကပြဖျော်ဖြေကြကြောင်းသိရသည်။ ထို့အပြင် သင်္ကြန်အကျနေ့ နံနက်ပိုင်း၊ ညနေပိုင်းမှ စတင်၍ ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်များမှယိမ်းအဖွဲ့ (၆)ဖွဲ့နှင့် တပင်တိုင်အကအလှများ၊ တေးဂီတနှင့် စီဒီသီချင်းများဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)