မိုင်းရှူး ဧပြီ ၁၃
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုင်းရှူးမြို့ ဟံသာမုနိဘုရားကြီးရှေ့ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မိုင်းရှူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမောင်မောင်လွင်က နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ နှစ်သစ်ကူးပွဲတော်များကျင်းပရာတွင် မိမိတို့မြန်မာလူမျိုးများသည် နှစ်ဟောင်းမှနှစ်သစ်ကို ကူးပြောင်းချိန်၌ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ကျင်းပကြကြောင်း၊ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေနှင့်ဆေးကြောပြီး နှစ်သစ်ကိုကြိုဆိုကာ သင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ်များ၊ အတီးမှုတ်များဖြင့် ကပြဖျော်ဖြေ၍ ခြိမ့်ခြိမ့်သဲဆင်နွှဲကြကြောင်း၊ ထိုကြောင့် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက်ဆက်လက်ထိန်းသိမ်းရန်၊ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင်ပါဝင်ဆင်နွှဲရန်နှင့် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ အလှူဒါနပြုခြင်းစသည့် မင်္ဂလာအပေါင်းပြည့်စုံစွာဖြင့် နှစ်သစ်ကို အတူတကွကြိုဆိုကြရမည်ဖြစ်ပါကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ဆက်လက်၍ အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နည်းဗျူဟာမှူး ဗိုလ်မှူးကြီးဇော်ငြိမ်းထိုက်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ယိမ်းအဖွဲ့များကမြူမှောင်ဝေကင်းတေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်းနှင့်တက်ရောက်လာကြသည့်ပရိသတ်များအား မင်္ဂလာရေစင်ဖျန်းပက်၍ ပျော်ရွှင်စွာ ရေကစားကြသည်။
ယင်းနောက်သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)