ကျိုက်မရော ဧပြီ ၁၃
မြန်မာလူမျိုးတို၏ ရိုးရာပွဲတော်ကြီး တစ်ခုဖြစ်သော နှစ်ဟောင်းကုန်ဆုံး ၍နှစ်သစ်ကိုကြိုဆိုသော မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော် ကို ကြိုဆိုရန်အတွက် ကျိုက်မရောမြို့ပေါ်ရှိ စျေးများတွင်သကြားမင်းကြီးအားကြိုဆိုရန် ရိုးရာဓလေ့ထုံးတမ်းအရ အတာအိုးဝယ်သူများ၊ အတာပန်းဝယ်သူများ၊ သင်္ကြန်ရက်ကာလအတွင်းအလှူဒါနပြုနိုင်ရန်အတွက် စားသောက်ကုန် ဝယ်သူများ စျေးရောင်း၊ စျေးဝယ်သူများဖြင့် တိုးမပေါက်အောင်ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။
ယနေ့သည်မဟာသင်္ကြန်အကြိုနေ့ နေ့ထူးနေ့မြတ်ဖြစ်၍ မြန်မာလူမျိုး တို့၏စေတနာသဒ္ဒါတရားထက်သန်မှုကို ပြသသောအားဖြင့် နှစ်သစ်အလှူများဖြစ်သော သင်္ကြန်ရိုးရာအစားအသောက်များ သင်္ကြန်ထမင်း၊မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ရွှေရင်အေး၊ စသည့်ရိုးရာ မုန့်များကို တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့များဖြင့်လည်းကောင်း၊ လမ်းဆုံလမ်းဝများတွင် ယနေ့နံနက် ပိုင်းမှစတင်ကာ ကျွေးမွေးလျှက်ရှိရာ လာရောက်စားသုံးသူများဖြင့်အထူး စည်ကားသာယာလျက်ရှိနေသည်။
ကျိုင်မရောမြို့၏ရိုးရာ ဓလေ့အရ လူငယ်များက မြို့ပေါ်ရှိ ဘုရားစေတီများအား ရေသပ္ပါယ်ခြင်း စေတီရင်ပြင်တော်များ၌ ရေဆေးခြင်း၊အမှိုက်များ ရှင်းလင်းခြင်း၊ရိပ်သာတရားစခန်းများရှိ ယောဂီဆောင်များ၌သန့်ရှင်းရေး စုပေါင်းပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး ညနေပိုင်းတွင် အုန်းလက်မဏ္ဍပ်များထိုး၍လူငယ်များ၊ကလေးများ ပျော်ရွှင်စွာရေပက်ကစားကြခြင်းဖြင့် အထူးစည်ကားသာယာလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)