ကျောက်ဆည်မြို့ သစ်ကြီးတန်းရပ်ကွက်တွင် အသက်(၇၅)နှစ်အထက် သက်ကြီးအဘိုး၊ အဘွားများအား သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ

ကျောက်ဆည် ဧပြီ ၁၃

မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြိုနေ့ ဧပြီ(၁၃)ရက်နံနက်(၈)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မင်းရပ်အုပ်စု၊ သစ်ကြီးတန်းရပ်ကွက်တွင် နယ်မြေ(၁၁)နှင့် နယ်မြေ(၁၂)မှ အသက်(၇၅)နှစ်အထက် သက်ကြီးအဘိုး၊အဘွားများအား သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်ကြီးပူဇော်ပွဲတွင် လယ်ပြင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောဝိဒ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ အဘိုးဦးညွှန့်ရွှေနှင့် ဦးအောင်ကြီးတို့မှ မုဒိတာမေတ္တာတရားများပြောကြားခဲ့ပြီး မင်းရပ်၊ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးဦးမြင့်ခိုင်နှင့် လူမှုရေးအသင်း အဖွဲ့ဝင်များ၊ အလှူရှင်များက အသက်(၇၅)နှစ်နှင့်(၈၀)နှစ်အကြား အဘိုး၊အဘွား(၁၈)ဦး၊ အသက်(၈၀)နှစ် အထက် အဘိုး၊အဘွား(၇)ဦး စုစုပေါင်း(၂၅)ဦးတို့အား တစ်ဦးလျင်ငွေကျပ်(၄၀၀၀၀)နှုန်းဖြင့် လက်ဝယ်အရောက် ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

မင်းရပ် ရပ်ကွက်အုပ်စုတွင် နယ်မြေ(၁၂)ခု၊ အိမ်ထောင်စု(၁၂၅၀)စု ရှိပြီး အသက်(၇၅)နှစ်အထက် ပူဇော်ကန်တော့ခံ အဘိုး၊အဘွား (၁၃၅)ဦးရှိကြောင်းနှင့် သက်ကြီးအဘိုး၊ အဘွားများအား နယ်မြေအလိုက် နေရာ(၄)နေရာ သတ်မှတ်ပြီး ပူဇော်ကန်တော့မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)