ကျိုက်ထို ဧပြီ ၁၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ပြည်သူဈေးမိသားစုမှ ယနေ့နံနက်ပိုင်း၌ ပြည်သူ့ဈေးရှေ့တွင် မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ်အဖြစ် စတုဒီသာကို စုပေါင်းကျွေးမွေးလှူဒါန်းခဲ့ကြသည်။
စတုဒီသာလှူဒါန်းရာတွင် ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြိုနယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူ့ဈေး မိသားစုအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်တွင် ကြာဇံကြော်၊ မုန့်လက်ဆောင်း၊ ရွှေရင်အေးတို့ကို စတုဒိသာအဖြစ်လှူဒါန်းကြရာ ကျိုက်ထိုမြို့ပေါ်ရှိ ရပ်ကွက်များမှပြည်သူများနှင့် ဈေးရောင်းဈေးဝယ်လာကြသူတို့က ပျော်ရွှင်စွာဖြင့် လာရောက်သုံးဆောင်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ၊ ဈေးကော်မတီဝင်များတို့က တပျော်တပါး စုပေါင်းလုပ်အားပေးကုသိုလ် ယူခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်တွင် ယခုနှစ်မဟာသင်္ကြန်ပွဲတော်၌ ရိုးရာအစားအစာများကို ယခုကဲ့သို့ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများအပြင် ပွဲတော်ကာလ၌ ရိုးရာအစဉ်အလာမပျက် သက်ကြီးပူဇော်ပွဲများ၊ အစုအဖွဲ့အလိုက် ရေကစားမဏ္ဍပ်များစသည်တို့ဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ ကုသိုလ်ပြုခြင်းတို့ကို ဆင်နွှဲနိုင်စေရန်စီစဉ်ထားကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်