တမူးမြို့နယ်တွင် နေကြာမျိုးကောင်း မျိုးသန့်ရရှိရေး မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်

တမူး ဧပြီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တမူးခရိုင် မျိုးစေ့ဌာနခွဲ၏ ဆီထွက်သီးနှံ နေကြာမျိုးကောင်း မျိုးသန့်ရရှိရေးအတွက် ရင့်မှည့်ချိန်တွင် မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်(၈) နာရီအချိန်က တမူးမြို့နယ် ဟဲဇင်းကျေးရွာအုပ်စုရှိ တောင်သူဦး​မောင်ဝင်း၏ ကွင်းအမှတ်၂၅၃ ၊ ဦးပိုင်အမှတ်(၃၇)တွင် စိုက်ပျိုးထားသော ဆင်းရွှေကြာ- ၂ မျိုး ဆောင်းနေကြာ မျိုးစေ့ထုတ်စိုက်ကွက်(၁း၀၀) ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲတွင် တမူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မြတ်မြတ်စိုး ကခရိုင်အတွင်း ဆောင်းနေကြာ(၃၂၄၃) ဧကစိုက်ပျိုးခဲ့ရာ မျိုးစေ့ထုတ်ကွက်(၄၀)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မျိုးစေ့ထုတ်ကွက်များအတွင်း ရင့်မှည့်ချိန်တွင်  မျိုးကွဲပယ်ခြင်းဖြင့် မျိုးသန့်စင်မှုရရှိမည်ဖြစ်ပြီး မျိုးကောင်းမျိုးသန့် စိုက်ပျိုးပါက အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးကောင်းမွန်သည့် နေကြာမျိုးများရရှိ​၍ တောင်သူများ အနေ​​ဖြင့်မျိုးနေကြာများရောင်းချပါက ဝင်ငွေအကျိုးအမြတ်များ ရရှိလာမည်ဖြစ်ကြောင်း၊ ရိပ်သိမ်းရာတွင် အလေအလွင့်နည်းစေရန် စနစ်တကျရိတ်သိမ်း၍ ရိတ်သိမ်းပြီးသော နေကြာပွင့်များကိုခြောက်သွေ့အောင် နေလှန်းပြီး လက်တုတ်ဖြင့်ရိုက်ပုတ်ခြွေကာ အခြောက်လှန်းသန့်စင်ပြီးလျှင် မျိုးနေကြာအဖြစ် စနစ်တကျ သိုလှောင်သိမ်းဆည်းထားလျှင် အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးကောင်းမွန်သည့် နေကြာမျိုးများရရှိလာမည်ဖြစ်ကြောင်း တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး မျိုးစေ့ထုတ်ကွက်အတွင်း မျိုးကွဲပယ်ခြင်းများကို လက်တွေ့သရုပ်ပြသ ပေးခဲ့သည်။

အဆိုပါ ဆောင်းနေကြာ မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲသို့ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ(၂၀) ဦးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။

ရတနာ