မင်္ဂလာတောင်ညွန့် ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယခုနှစ်မဟာ သင်္ကြန်ကာလ၌ လမ်းလျှောက်သင်္ကြန်ကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့ပြီး ဗဟိုရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လွင် တက်ရောက် အမှာစကားပြောကြားကာဖဲ ကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်များက လှပျိုဖြူများက "မြူမှောင်ဝေကင်း"သီချင်းဖြင့်ကပြဖျော်ဖြေခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လွင်က အမွှေးနံ့သာ များဖြင့်ပက်ဖြန်းပြီး ဖျော်ဖြေမှုများကိုကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။
ဆက်လက်၍ ဖျော်ဖြေရေးအစီအစဥ်များအဖြစ် ဗိုလ်တထောင်ခရိုင်အတွင်းရှိ သင်္ကြန်လှပျိုဖြူများ၏ ယိမ်းအကများ၊ Dancer အကများ၊ DJ သီချင်းတီးခတ်မှုများ၊ သီချင်းသီဆိုဖျော်ဖြေမှုများ ဖြင့်ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ အတာသင်္ကြန်အကြိုနေ့ကိုစတင်ခဲ့ကြသည်။
မဟာသင်္ကြန်ရက်များအတွင်း ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းလှူဒါန်းမှုဖြင့် စတုဒီသာများ ကျွေးမွှေးလှူဒါန်းကြရာ လာရောက်ရေကစားကြသည့် ပြည်သူ များကပျော်ရွှင်စွာစားသောက်ခဲ့ကြပြီး အတာသင်္ကြန်အကြိုနေ့ကို ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဗဟိုရေကစားမဏ္ဍပ်မှာ အထက်ပန်းဆိုးတန်းလမ်းပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့တွင်ဆောက်လုပ်ထားပြီးမြန်မာ့ဂုဏ်ရည်လမ်းထပ်မှ ဒေါ်သိမ်းတင်လမ်းထပ်အထိကို လမ်းလျှောက် ရေကစားနိုင်မည့်မဏ္ဍပ် ၂ ခုအား ဗဟိုမဏ္ဍပ်၏ ဝဲ၊ ယာနှစ်ဘက်တွင်ကပ်၍ ဆောက်လုပ်ထားရှိကြောင်းနှင့် မဟာသင်္ကြန်ရက်များတွင် ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာရေကစား အပန်းဖြေနိုင်စေရေးအတွက် မဏ္ဍပ်တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ရေလုံလောက်စွာရရှိမှု၊ ရေပက်ဖြန်းသည့်ပစ္စည်းများကြံ့ခိုင်မှု၊ လျှပ်စစ်မီး ပြတ်တောက်မှုမဖြစ်စေရေး၊ အခြားသောလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက တာဝန်အသီးသီးခွဲဝေကာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
မိုးမင်းမောင်(မင်္ဂလာတောင်ညွန့်)