တာမွေမြို့နယ်၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ်အဖြစ် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

တာမွေ  ဧပြီ ၁၃

၂၀၂၃-ခုနှစ် ဧပြီလ(၁၃)ရက်နေ့မှ ဧပြီလ(၁၆)ရက်‌နေ့အထိ ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ်အဖြစ် “အတာကူးရေတန်ခူးလေ” ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်တာမွေမြို့နယ် တာမွေလေးရပ်ကွက် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင် ဝင်းရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများသာမက နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအကအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များကို လာရောက်စောင့်မျှော်အားပေးကြည့်ရှု ကြသူများ၊ ရေပက်ခံကားများ၊ အတာရေပက်ဖျန်းသူများ၊ စတုဒီသာအကျွေးအမွေး လှူဒါန်းကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှသိန်း၊ တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဖေနှင့် မြို့မိမြို့ဖများက “အတာကူးရေ တန်ခူးလေ” ရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက “မန်းတောင်ရိပ်ခို” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ ယိမ်းအက အဖွဲ့များက ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် သင်္ကြန်ယိမ်းအဖွဲ့များ၏ အကအလှများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ  “အတာကူးရေ တန်ခူးလေ” ရေကစားမဏ္ဍပ်တွင် လူ(၅၀)ဦးခန့် လွတ်လပ်ပျော်ရွှင်စွာ ရေဆော့ကစားနိုင်ကြောင်း၊ အဆိုပါရေ ကစားမဏ္ဍပ်တွင် အဆိုတော်ဒေါ်လာနှင့် ပိုးအိစံတို့၏ ဖျော်ဖြေ တင်ဆက်မှုများအပြင် မဟာသင်္ကြန်ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး အဆိုပါ ရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်ပွဲတော်အကြိုနေ့မှ အတက်နေ့အထိ နံနက်(၉)နာရီမှ (၁၂)နာရီအထိလည်းကောင်း၊ ညနေ(၃)နာရီမှ (၆)နာရီအထိလည်းကောင်း အရွယ်သုံးပါးမရွေး၊ လူမျိုးဘာသာမရွေး၊ လူတန်းစားမရွေး မည်သူမဆို လာရောက်၍ လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်းနှင့် စတုဒီသာအလှူများဖြင့်လည်း ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင်(တာမွေ)