ချောင်းကြီးရပ်ကွက်၊ လူကျားအကအဖွဲ့မှ တနင်္သာရီရိုးရာ ကရကျားအကဖြင့်အစဉ်အလာမပျက် လိုက်လံကပြကြ

တနင်္သာရီ ဧပြီ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက် ကာလသားလူငယ်များအဖွဲ့မှဦးဆောင်သော ချောင်းကြီးရပ်ကွက် ကရကျားအကအဖွဲ့က ၂ဝ၂၃ ခုနှစ်၊ မဟာသင်္ကြန်အကြိုကာလ ယနေ့နံနက် ၇ နာရီမှစ၍ တနင်္သာရီရိုးရာ(လူ)ကရကျားအကဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းများအတိုင်း အစဉ်အလာမပျက် ကပြဖျော်ဖြေပေးကြောင်း သိရှိရသည်။

တနင်္သာရီ“ကျား”အကသည် ရှေးကျသောရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပြီး ကျားအက ကရန် ကျားကမည့်သူများအား ခါးတောင်မြှောင်အောင်ကြိုက်၍ အင်္ကျီဗလာဖြင့် ကျားတစ်ကောင်ကဲ့သို့ အသွင်ပြောင်းရန် တစ်ညကြိုတင်၍ လူတစ်ကိုယ်လုံးခန္ဓာ ကိုယ်အနှံ့အား ခံဆေး/သုတ်ဆေးတို့ဖြင့် (အနီ၊ အဖြူ၊ အဝါ ၊အနက်)စသည့် ဆေးရောင်စုံမျိုးစုံဖြင့် အကြောင်အကြားများ၊ အစက်အပြောက်များဖြင့် သက်ဆိုင်ရာပန်းချီဝါသနာရှင်များက ရေးခြယ်ပေးကြပြီး ချောင်းကြီးရပ်ကွက်-ရှေးဟောင်းသိမ်အတွင်း ကျားသိတ်ထက်သန်လာစေရန်ကျားဆေး တင်ပေးခြင်းကိုပြုလုပ်ကြကာ ရှင်မအောင်ကျောက်တိုင်နတ်ကွန်းသို့ ဦးစွာသွားရောက်၍ ပူဇော်ကန်တော့ကြရသည်။

ထို့နောက် ၎င်းကျားအဖွဲ့သည် ရိုးရာကရကျားအကဖြင့် မြို့တွင်းသို့လှည့်လည်၍ လူစည်ကားရာ လမ်းဆုံနေရာများတွင်  စည်ကားစွာ ကပြဖျော်ဖြေပေးကြသည်။

အဆိုပါ ကရကျားအဖွဲ့က ကျားကစဉ် ကျားစိတ် နိုးထလာစေရန် မုဆိုးများက မခံချင်အောင် ဟန်ရေးပြခြောက်လှန့်၍ ရန်ပြုပေးရသကဲ့သို့ ဗုံအဖွဲ့ကလည်း ဒေါင်း ဒေါင်းညီချိန်း ဆိုသည့် စည်းချက်ဖြင့် တီးကွက်မြိုင်ဆိုင်အောင် တီးပေးကြရသည်။

ထိုအခါ ကျားစိတ်ပြင်းစွာ မာန်ဖီလာသောအခါ နီးရာကို ဆွဲကိုက်တတ်သဖြင့် ကျားထိန်းများက ကျား၏ခန္ဓာကိုယ်ခါးဆစ်တွင် သံကြိုးဖြင့် မြဲအောင်ချည်နှောင်ထား၍ နိုင်နင်းအောင် ဝိုင်းထိန်းပေးကြရသည်။

ထိုသို့ထိန်းချုပ်ပေးရင်းဖြင့် ကျားစိတ်ဖြေလျှော့သွားစေရန်အတွက် ကရမက်လောဘန်ခွက် မီးခိုးအငွေ့ကို ကျား၏နှာခေါင်းအဝတွင် ပေးရူကြရကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။

၎င်းတနင်္သာရီ“ကျား”အဖွဲ့တစ်ဖွဲ့တွင် လူကျား(၃)ဦး၊ ကျားနောက်ထိန်းသူ(၁ဝ)ဦး ထက်မနည်းပါရှိရပြီး ဗုံအဖွဲ့၊ မုဆိုးအဖွဲ့နှင့် ကရမက်လောဘန်ခွက်ကိုင်ဆောင်သူများနှင့်အလှူခံအဖွဲ့တို့ပါရှိကြ၍ အဆိုပါ “ကျားအကအဖွဲ့မှကျားအကဖြင့် ကပြ၍အလှူခံရရှိသည့် အလှူငွေများကို ချောင်းကြီးဘုန်း တော်ကြီးကျောင်းတိုက်ရှိ အများသုံးရေတွင်းကို ပြန်လည်မွမ်းမံပြင်ဆင်ကြမည်ဖြစ်ကြောင်း ကျားအဖွဲ့ကိုဦးဆောင်သူ ကာလသားတစ်ဦးထံက သိရသည်။

အဆိုပါ (လူ)ကရကျား အကသည် တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်မြို့၊ ပုလောမြို့နှင့်တနင်္သာရီမြို့တို့တွင် တစ်နှစ်လျှင် မဟာသင်္ကြန်ကာလ၌ တစ်ကြိမ်သာ နှစ်စဉ် အစဉ်အလာမပျက် ကပြဖျော်ဖြေလေ့ရှိကြပြီး တနင်္သာရီမြို့နယ်အတွင်း၌  ချောင်းကြီးရပ်ကွက် လူကရကျား"အဖွဲ့၊ ချောင်းငယ်ရပ်ကွက်နှင့် တမုတ်ချုန်းကျေးရွာ ကရကျားအဖွဲ့များက နှစ်စဉ်သင်္ကြန် ကာလသုံးရက်အတွင်း တစ်ဖွဲ့လျှင် တစ်ရက်စီ ကပြဖျော်ဖြေလေ့ရှိကြသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)