ကသာ ဧပြီ ၁၂
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ မဟာသင်္ကြန်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေပြီး ပြိုင်ပွဲဝင်နိုင်ရန်အတွက် သင်္ကြန်ယိမ်းအဖွဲ့များ ကြိုတင်ဇာတ်တိုက် အကလေ့ကျင့်ခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က ခရိုင် စုပေါင်းရုံးအတွင်းရှိ ဗဟိုမဏ္ဍာပ်ရှေ့၌ ဆောင်ရွက်ခဲ့သည်။
ကသာမြို့၌ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက် တန်ခူးလပြည့်ကျော် ၉ ရက်နေ့တွင်ကျရောက်မည့် အတာ သင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ် ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များနှင့်ဖျော်ဖြေရေး ယိမ်းအကအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့်ကပြဖျော်ဖြေယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီးလက်ရှိတွင် ဌာနဆိုင်ရာယိမ်းအက အဖွဲ့များမှာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအလိုက် စုရပ်နေရာအသီးသီး၌ အကတိုက်လေ့ကျင့် လျက်ရှိကြသည်။
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကြိုနေ့ဖွင့်ပွဲအခမ်းအနားပြုလုပ်နိုင်ရန်အတွက် သင်္ကြန်ယိမ်းအက အဖွဲ့များမှ “မြူမှောင်ဝေကင်း” တေးသီချင်းယိမ်းအကနှင့် သင်္ကြန်အတက်နေ့ အခမ်းအနားပိတ်ပွဲအတွက် “မန်းတောင်ရိပ်ခို”သီချင်းတို့ကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ကြီးအတွင်း ဗဟိုမဏ္ဍပ်၌ စုပေါင်းလေ့ကျင့်ခဲ့ကြသည်။ အဆိုပါ အစမ်းလေ့ကျင့်နေမှုကို ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့်အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်စွက် အကြံပြုဆွေးနွေး ပေါင်းစပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကသာမြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ကာလအတွင်း ဗဟိုမဲဏ္ဍပ်တွင် ယိမ်းအကအလှအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတဖျော်ဖြေရေးများနှင့် မြန်မာ့ရိုးရာသင်္ကြန်အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများကို အဆိုပါမဏ္ဍပ်ရှေ့တွင် ဌာနဆိုင်ရာများမှ စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ကသာ)