ညောင်ဦး ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် စည်ကမ်းသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်သင်္ကြန်ဗဟိုရေကစားမဏ္ဍပ်ကို အမှတ်(၅)၊ရှမ်းကုန်းရပ်၊ လွတ်လပ်ရေးပန်းခြံအနီးတွင် ဆောက်လုပ်လျှက်ရှိသည့်မဏ္ဍပ်ပြင်ဆင်ထားရှိမှုနှင့် လမ်းလျှောက်သင်္ကြန်အတွက် ပုဂံထီး၊ ပုသိမ်ထီးတို့ဖြင့် ပြင်ဆင်ထားရှိမှုတို့အား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရေကစားမဏ္ဍပ်တွင် မဏ္ဍပ်စင်အလယ်နေရာ၌ သင်္ကြန်ယိမ်းအဖွဲ့များဖျော် ဖြေရန်နှင့်ပြိုင်ပွဲဝင်နေရာ၊ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေရန်နေရာတို့အပြင် ဗဟိုမဏ္ဍပ်၏ဘေးတစ်ဘက်စီတွင် သင်္ကြန်ရေကစားရန်စင်နေရာနှစ်ခုကို ထည့်သွင်းဆောက်လုပ်ထားရှိကြောင်း၊ လမ်းလျှောက်သင်္ကြန်ရေကစားနိုင်ရေးနှင့် ပုဂံဒေသထွက် ရောင်စုံထီးများ၊ ပုသိမ်မြို့ထွက် ပုသိမ်ထီးများ အလှပြချိတ်ဆွဲထားရှိမှု၊ တီးဝိုင်းပြင်ဆင်ထားရှိမှုနှင့်ရေရရှိရေးဆောင်ရွက်ထားရှိမှုတို့အားစစ်ဆေးခဲ့သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုအတာစင်္ကြန်ပွဲတော်တွင် မြို့နယ်ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ ရပ်ကွက်များမှပါဝင်ကပြဖျော်ဖြေကြမည့် ယိမ်းအဖွဲ့များ၊ တစ်ပင်တိုင်ကပြဖျော်ဖြေမည့် ယိမ်းသမများ ပါဝင်သီဆိုကပြဖျော်ဖြေကြမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း ပြည်သူများစိတ်အေးချမ်းသာစွာ ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ကပြဖျော်ဖြေမည့် ယိမ်းအဖွဲ့များ၊ တစ်ပင်တိုင်ကပြဖျော်ဖြေမည့် ယိမ်းသမများကလည်း ကြိုတင်ပြင်ဆင်လေ့ကျင့်လျက်ရှိကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်ကာလအတွင်း စတုဒီသာကျွေးမွေးဧည့်ခံခြင်းများလည်း အလှူရှင်များက ကျွေးမွေးနိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိခြင်းများပြုလုပ်လျက်ရှိကြောင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ် ဆောက်လုပ်နေသည့်နေရာသို့ ညောင်ဦးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဆပ်ကော်မတီဝင်များတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဒီပါလင်း