မြန်အောင် ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ ယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ မြန်မာ့ရိုးရာ ယဥ်ကျေးမှုနှင့်အညီ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးအစီအစဥ်များ၊ စတုဒီသာအလှူ ကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မြန်အောင်ခရိုင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲနှင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးဆောင်ရွက်ထားရှိမှုကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော် တို့ကကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကော်မတီအလိုက် ဆောင်ရွက်ပြီးစီးမှုများကိုရှင်းလင်းတင်ပြခဲ့ကြသည်။
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့တွင် အလျား ပေ ၈၀၊ အနံ ၂၅ ပေ ၊ စင်အမြင့် ၅ ပေရှိ " မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်" ဆောက်လုပ်၍ နံနက် ၇ နာရီမှ နေ့လည် ၁၂ နာရီ၊ ညနေ ၃ နာရီမှ ညနေ ၆ နာရီ အထိ စတိတ်ရှိုး တီးဝိုင်း၊ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ပြီးစတုဒိသာ ဧည့်ခံကျွေးမွေးခြင်းနှင့် ရေဆော့ကစားရန်လည်းစီစဥ်ထားရှိကြောင်းသိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)