စမ်းချောင်း ဧပြီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြို့နယ်၌ ၂၀၂၃-ခုနှစ် ဧပြီလ(၁၃)ရက်နေ့မှ ဧပြီလ (၁၆)ရက်နေ့အထိ ကျင်းပမည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်အား မြန်မာ့ရိုးရာယဉ်ကျေးမှုများနှင့်အညီ ရေကစားမဏ္ဍပ်များ ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ စတုဒီသာအလှူ ကျွေးမွေးခြင်းများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
ထိုကဲ့သို့ စမ်းချောင်းမြို့နယ်အတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့်စမ်းချောင်းမြို့နယ်တွင် “စမ်းရေအေး” အမည်ဖြင့် မြို့နယ်ရေကစားမဏ္ဍပ်ကို ဆောက်လုပ်ခဲ့ပြီး ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အကူအညီဖြင့် ရေလုံလောက်စွာ ရရှိနိုင်စေရေးအတွက် ရေစုကန်များ၊ ရေတိုင်ကီ များဖြင့် ပြင်ဆင်ဆောင်ရွက်ထားလျက်ရှိပြီး ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ရေဆော့ကစား နိုင်ကြောင်း၊ အဆိုပါရေကစားမဏ္ဍပ်တွင် ငြိမ်းချမ်းရေးသံစဉ်လှိုင်း တီးဝိုင်းဖြင့် ဖျော်ဖြေတင်ဆက်မှုများအပြင် မဟာသင်္ကြန်ရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ပြီး အဆိုပါရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန် ပွဲတော်အကြိုနေ့မှ အတက်နေ့အထိ နံနက်(၉)နာရီ မှ (၁၂)နာရီအထိ လည်းကောင်း၊ ညနေ(၃)နာရီမှ (၆)နာရီအထိ လည်းကောင်း အရွယ်သုံးပါးမရွေး၊ လူမျိုး ဘာသာမရွေး၊ လူတန်းစားမရွေး မည်သူမဆို လာရောက်၍ လွတ်လပ်ပျော်ရွှင်စွာ ရေကစား နိုင်ကြောင်းနှင့် စတုဒီသာအလှူများဖြင့်လည်း ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရ သည်။
နီလာစိုး