ဖြူး ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ လျှပ်စစ်မှူးရုံးနှင့် ကျေးရွာ ပူးပေါင်း၍ ကညွတ်ကွင်းမြို့၊ ငတိုးခင်ကျေးရွာအုပ်စု၊ ငတိုးခင်ကျေးရွာ(ဗမာ)တွင် NEP Phase-II အစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ခဲ့ရာ ယမန်နေ့၊ ညနေ(၃)နာရီ အချိန်က စတင်ကာ လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ငတိုးခင်ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ပဲနွယ်ကုန်းမြို့ရှိ 33/11KV 10MVA ခွဲရုံ၊ ညောင်ဝိုင်းဖီဒါမှ ဓါတ်အားရယူပြီး 11KV လိုင်း (၁.၆၉)မိုင်၊ (100KVA) ထရန်စဖော်မာ (၂)လုံး၊ ကျေးရွာမှ ကိုယ့်အားကိုယ်ကိုးအနေဖြင့် ကျေးရွာတွင်း (၄၀၀)ဗို့ ဓါတ်အားလိုင်း (၂.၄၆)မိုင်ဖြင့် စီတီမီတာ (150/5)A(၂)လုံး တပ်ဆင်၍ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ယခုအခါတွင် အိမ်ခြေ (၄၂၀)လုံးအနက် အိမ်ခြေ(၁၀၅)လုံး လျှပ်စစ်မီးရရှိ သုံးစွဲနိုင်ပြီဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)