ပဲခူး ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား သံဃာအပါး (၁၀၀၀)ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဆုတောင်းပြည့်စွယ်တော်ရှင်မဟာစေတီတော်မြတ်ကြီး အလယ်ပစ္စယံ၌ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း မင်္ဂလာအခမ်း အနားကျင်းပပြုလုပ်ရာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့်ပဲခူးမြို့နယ်ရှိကျောင်းတိုက်အသီးသီးမှ ပင့်သံဃာအပါး(၁၀၀၀)တို့မှ ဗုဒ္ဓါဘိသေက အနေက ဇာတင်လှူပူဇော်ကြသည်။
ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ အလှူရှင်များမှ သံဃာအပါး (၁၀၀၀) နှင့် သီလရှင်အပါး (၁၀၀) တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူပူဇော်ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နိုင်ငံတော်ဩဝါဒါစရိယ၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယ၊ အဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အစိုးရအဖွဲ့တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ပဲခူးမြို့၊ ကြခတ်ဝိုင်းစာသင်တိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံ သမဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်း အမျှအတမ်းပေးဝေခဲ့ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများ၊ ကျောင်းတိုက်အသီးသီးမှ ပင့်ဖိတ်ထားသော သံဃာတော်အပါး(၁၀၀၀)နှင့် သီလရှင်အပါး (၁၀၀) တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)