ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ ပဲလွမ်းစိုက်ဧက ၁၅၈၀ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီး

ပွင့်ဖြူ ဧပြီ ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်တွင် စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် တစ်မြို့နယ်လုံးပဲလွမ်းသီးနှံစိုက်ဧက ၃၃၈၈ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အထိ ပဲလွမ်းသီးနှံစိုက်ဧက ၁၅၈၀ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲလွမ်းသီးနှံဧက ၃၂၃၂ ဧကစိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများ ကြိုးပမ်းစိုက်ပျိုးခဲ့သဖြင့် မြေပြင်စိုက်ပျိုးပြီးစီးဧက ၃၃၈၈ ဧက စိုက်ပျိုးနိုင်ခဲ့၍ သတ်မှတ်လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါဆောင်းသီးနှံပဲလွမ်းစိုက်ခင်းများမှာ ပြန်လည်ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက နွေစပါးနှင့်အခြားနွေသီးနှံစိုက်ပျိုးနိုင်ရေးအတွက် အားသွန်ခွန်စိုက် ရိတ်သိမ်းခြွေလှေ့လျက်ရှိကြောင်း သိရသည်။

"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်မှာ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီးတော့ ပဲလွမ်းသီးနှံစိုက်ပျိုးရေးကို တစ်မြို့နယ်လုံး ၃၃၈၈ ဧကစိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပါတယ်။ဆောင်းသီးနှံပဲလွမ်းစိုက်ပျိုးခြင်းကိုတော့ နိုဝင်ဘာလ ဒုတိယပတ်လောက်ကစပြီး စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ယခုပဲလွမ်းစိုက်ခင်းတွေက သိမ်းဆည်းချိန်ရောက်ရှိလာပြီဖြစ်လို့ ဒေသခံတောင်သူတွေက နွေသီးနှံပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် မတ်လဆန်းကစပြီး နေ့စားအလုပ်သမားများငှားရမ်းပြီး ရိတ်သိမ်းခြွေလှေ့နေကြပါတယ်။ ယနေ့အထိ ရိတ်သိမ်းခြွေလှေ့ပြီးစီးသည့် စိုက်ဧက ၁၅၈၀ ဧကရှိပြီဖြစ်ကာ သီးနှံအထွက်နှုန်းက တစ်ဧက ကို ၁၄ ဒသမ ၉၈ တင်းခန့်ထွက်ရှိပါတယ်။  ပဲလွမ်းသီးနှံ ရိတ်သိမ်းခြွေလှေ့ရာ၌ သီးနှံလေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး ဒေသခံတောင်သူတွေကို အချိန်မီသီးနှံရိတ်သိမ်းခြွေလှေ့နည်းစနစ်များကိုသိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးထားပါတယ်။ နောက်ပြီး ယခုနှစ်မှာ ပဲလွမ်းသီးနှံဟာ ဈေးကောင်းလဲရရှိလို့ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေအကျိုးအမြတ်ရရှိကာ လုပ်ငန်းအဆင်ပြေကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီများတွင် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဈေးကွက်ရှိသည့် ပဲလွမ်းသီးနှံစိုက်ပျိုးရေးကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရပြီး ယခုနှစ် တောင်သူများ အားထားစိုက်ပျိုးသည့် ဆောင်းသီးနှံပဲလွမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းလည်းရရှိတာကြောင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)