မိုင်းယောင်းမြို့တွင် သခွားသီးစိုက်တောင်သူများ အဆင်ပြေ

မိုင်းယောင်း  မတ်  ၂၅

စိုက်ပျိုးရေးကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိသော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သခွားသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ၍ ဒေသခံ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“မိုင်းယောင်းဒေသထွက် သခွားသီးက အလုံးသေးသော်လည်း အလုံးလှပြီး အဝယ်လိုက် ဈေးကောင်းရတဲ့သခွားသီးဖြစ်တယ်။ ဒါ့ကြောင့် မိုင်းယောင်းမြို့ ဒေသခံတွေအများစုကတော့ ကိုယ့်နယ်ကထွက်တဲ့ သခွားသီးကို အခြားဒေသကထွက်တဲ့ သခွားသီးတွေထက် ပိုပြီးတော့ ကြိုက်နှစ်သက်ကြတယ်”ဟု သခွားသီးစိုက်တောင်သူတစ်ဦးက ပြောသည်။

မိုင်းယောင်းမြို့တွင် သခွားသီးကို ဝမ်ဘိုးကျေးရွာ၊ နားဖန်းကျေးရွာ၊ ပါမုန်ကျေးရွာ၊ မုန်းလိုက်ကျေးရွာ၊ ဝမ်ကြိမ်းကျေးရွာ၊ ဝမ်တောင်းကျေးရွာ၊ တာလုတ်ကျေးရွာနှင့် ကော့ခွယ်ကျေးရွာ၌ အများဆုံးစိုက်ပျိုးကြပြီး ယခုရက်ပိုင်း သခွားသီး ၆ လုံးပါ တစ်ပုံလျှင် အလုံးကြီး၊ အလုံးသေးပေါ် မူတည်၍ ကျပ် ၅၀၀ မှ ကျပ် ၂၀၀၀ အထိ ရောင်းရကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း