အမ်းမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအသိပညာပေးဟော ပြောပွဲကျင်းပ

အမ်း မတ် ၂၁

ရခိုင်ပြည်နယ် အမ်းမြို့၌ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက  အထွေထွေအုပ်ချုပ်ရေဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မိမိတို့ဒေသအတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် ကလေး သူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ပိုမိုဖော်ဆောင်သွားနိုင်ရေး၊ ကလေးသူငယ်များ အနေ ဖြင့် ၎င်းတို့ရရှိမည့် အခွင့်အရေးများ ရရှိစေရန်နှင့် အကြမ်းဖက်ခံရခြင်း၊ လစ်လျူရှုခံရခြင်း၊ လွဲမှား စွာပြုကျင့်ခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်းတို့မှ ကာကွယ်ပေးနိုင်ရေးအတွက် ကလေး သူငယ်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထပ်ဆင့်အသိပညာပေးဆောင်ရွက်ကြစေလို ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဦးညီညီဌေးက မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ရက်ပေါင်း (၃၀) အကြာတွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါကြောင်း၊  ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကိုလည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ်နည်းဥပဒေကို လည်း ပြဋ္ဌာန်းနိုင်ခဲ့သော်လည်း ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေတွင်လို အပ်ချက်များရှိနေသည့် အတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (The Child Right law)ကို ပြဋ္ဌာန်းခဲ့ရာ အဆိုပါ ဥပဒေအရ ကလေးသူငယ်၏အသက်ကို (၁၈)နှစ်အထိ တိုးမြှင့်သတ်မှတ်ပြီး နိုင်ငံတော်မှ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ကလေးသူငယ်ဥပဒေ အမျိုးအစားကို ၁၆ မျိုးအထိတိုးမြှင့်သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ကလေးသူငယ် အခွင့် အရေးများကို  အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန်အတွက် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီ (NCRC) ကို ဖွဲ့စည်းခဲ့ပြီး ပြည်နယ်/ခရိုင်/မြို့နယ်(CRC)ကော်မတီများကို ကလေး သူငယ်များအကျိုး ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းထားရှိကြောင်း ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ သိကောင်းစရာများနှင့် ဥပဒေအကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ချောစန္ဒီမင်းကကလေးသူငယ် ဥပဒေများပါ အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောခဲ့သည်။

အဆိုပါကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်နှင့် မြို့နယ်(CRC)ကော်မတီဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)