ငါန်းဇွန် မတ် ၂၄
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီခွဲက ၂၀၂၂ခုနှစ် အသင်းအဖွဲ့ဉပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ ဉက္က၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဉပဒေအရာရှိ ဦးရဲထက်နိုင်က အသင်းအဖွဲ့ဉပဒေနှင့်ပတ်သက်၍ အသင်းအဖွဲ့ လိုက်နာတားမြစ်ချက်နှင့် အပြစ်ဒဏ်များ၊ မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့အနေဖြင့် ဉပဒေနှင့်အညီ အကာအကွယ်ရယူနိုင်ခွင့်၊ ရပ်တည်လှုပ်ရှားခွင့်၊ အသင်းအဖွဲ့၏အဓိပ္ပါယ်၊ စသည်တို့ကိုလည်း ကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဆွေက အသင်းအဖွဲ့များအနေဖြင့် ငွေကြေးသုံးစွဲမှု နှင့် စီမံခန့်ခွဲသုံးစွဲခြင်း၊ ထောက်ပံ့ခြင်း၊ ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ မှတ်ပုံတင် လျှောက်ထားရမည့် အသင်းအဖွဲ့များ၊ မှတ်ပုံတင်ခြင်းမရှိသော အသင်းအဖွဲ့များ လုပ်ငန်းဆောင်ရွက်မည်ဆိုပါက အရေး ယူအပြစ်ပေးခံရမည်ဖြစ်ကြောင်း စသည်တို့ကိုလည်းကောင်း Power Point ဖြင့် ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များက သိလိုသည့် မေးမြန်းမှုများကို မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ဉပဒေအရာရှိတို့က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)