ထန်းတပင် (ရန်ကုန်) မတ် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်း ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် မွေးမြူရေးနည်းပညာပေးသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက် လျက်ရှိပြီး ယနေ့နံနက်ပိုင်းကလည်း ငါးမွေးမြူရေးနည်းပညာပေးသင်တန်းကို နဲသမိန်စံပြကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းအောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့သည့် အစည်းအဝေးတွင် အသား/ငါး ကဏ္ဍတွင် ငါးမွေးမြူရေးမှဝင်ငွေများရရှိနိုင်ရန်နှင့် နည်းပညာအကူညီပေးနိုင်ရေးတို့အတွက် သင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားမှတ်စုစာအုပ်များကို သင်တန်းသို့တက်ရောက်လာကြသည့် ငါးမွေးတောင်သူများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဦးနေဝင်းအောင်နှင့်ဝန်ထမ်းများက သင်တန်းသို့တက်ရောက်လာကြသည့် ငါးမွေးတောင်သူ(၃၅)ဦးတို့ကို အခြေခံငါးမွေးမြူရေးဆိုင်ရာများကို သင်ကြားပို့ချပေးခဲ့ကြကြောင်းသိရပြီး ငါးမွေးမြူရေးနည်းပညာပေးသင်တန်းကို နဲသမိန်စံပြကျေးရွာတွင်တစ်ရက်တာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)