မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ဒေသဖွံ့ဖြိုး​တိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် မတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်း နယ်မြေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖာလန်ကော်‌ကျေးရွာအုပ်စု၊ ဟာကြား‌ခေကျေးရွာ၊ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်​ကြောင်းကြီး(၅)​ကြောင်းတို့က  ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာနေပြည်သူများအား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ‌ကို ဆွေးနွေးပြောကြားရာတွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့် မှုခင်းပိုင်းဆိုင်ရာများ၊မူး ယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်နှင့် ဆိုးကျိုးများ၊‌ စပါး၊‌ ပြောင်းများပိုးကျပါက‌ ဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ စားသုံးဆီဖူလုံစေရေး နေကြာစိုက်ပျိုးကြရန်၊ သတင်းအမှားအမှန်ခွဲခြားနိုင်ရေး၊‌ တောင်ယာခုတ်ထွင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဥပဒေများအကြောင်းနှင့် မရှို့မထွင်စိုက်ပျိုးရေးနည်းစနစ်များအကြောင်း၊ ကျေးလက်မီးလင်းရေးနှင့် ကျေးရွာလယ်ယာကုန်ထုတ်လမ်းများအကြောင်း၊ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ရှောင်ရန်၊ ဆောင်ရန်အချက်များနှင့် မီးငြိမ်းသတ်သရုပ်ပြခြင်းတို့ကို အသိပညာ‌ပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ကျေးရွာနေတိုင်းရင်းသားပြည်သူများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသောလုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)