ကျောက်တံခါးမြို့နယ်တွင် ခရိုင်အဆင့် အထက်တန်း/အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည် မွမ်းမံသင်တန်းဖွင့်လှစ်

ကျောက်တံခါး  မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော အထက်တန်းနှင့် အလယ်တန်းအဆင့် ဆရာ၊ဆရာမများအား သင်ကြားမှုစွမ်းရည်ပိုမိုမြင့်တက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က အထက်တန်းအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်သင်တန်းအား အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါဘာသာရပ်စွမ်းရည်မွမ်းမံသင်တန်းအား မြို့နယ်ပညာရေးမှူး ဒေါက်တာ ဇင်သက်ဦးနှင့် ဒုတိယပညာရေးမှူး ဒေါ်သီတာစိုးတို့က ကြီးကြပ်၍ သင်တန်းမှူး ၇ ဦးဖြင့် သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အထက်တန်းနှင့်အလယ်တန်းအဆင့် ဘာသာရပ်များ သင်ကြားပေးနေသော အလယ်တန်းအဆင့်  သင်တန်းသား သင်တန်းသူ(၈၂၅)ဦးနှင့်အထက်တန်းအဆင့် သင်တန်းသားသင်တန်းသူ(၁၉၄)ဦး စုစုပေါင်း (၁၀၁၉)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ(၂၁)ရက်မှ (၂၄)ရက်ထိ  (၄)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့်ယခုဖွင့်လှစ်သည့် သင်တန်းသည် ခရိုင်အဆင့်သင်တန်းဖြစ်သဖြင့် ညောင်လေးပင်ခရိုင်တွင် တက်ရောက်ရမည်ဖြစ်သော်လည်း ဒေသအခြေအနေအရ မိမိမြို့နယ်တွင် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)