ထားဝယ်မြို့တွင်မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် ဆောင်ရွက်သည့် စုဆောင်းငွေအားပေးမြှင့်တင်ရေး စည်းရုံးလှုံ့ဆော်ခြင်း သင်တန်းဖွင့်လှစ်

ထားဝယ်     မတ် ၂၁

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် ဆောင်ရွက်သည့် စုဆောင်းငွေအားပေးမြှင့်တင်ရေး စည်းရုံးလှုံ့ဆော်ခြင်း သင်တန်းကိုယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

သင်တန်းတွင်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်စိုးမင်း   သမဝါယမအသင်းများ ငွေစု ငွေချေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန်နှင့် သမဝါယမအသင်းသားများအနေဖြင့်  သမဝါယမအသင်း သားပြည်သူများ၏ ချွေတာစုဆောင်းခြင်း အလေ့အထကို ပြုစုပျိုးထောင်ရန်၊ လုံခြုံစိတ်ချရသောငွေကြေးစုဆောင်းနည်းဖြင့် စုဆောင်းနိုင်ကြစေရန်၊ ငွေကြေးအရင်းအနှီး စုဆောင်းခြင်းအလေ့အထ တိုးတက်လာစေရန်၊ သမဝါယမအသင်းသား ပြည်သူများ၏ စားဝတ်နေရေး အဆင့်အတန်းတိုးတက်မြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။

သင်တန်းတွင် ထားဝယ်ခရိုင်(၄)မြို့နယ်မှ ဝန်ထမ်းသင်တန်းသားများ တက်ရောက်ပြီး မြိတ်၊ ကော့သောင်း၊ ဘုတ်ပြင်း ခရိုင်မှသင်တန်းသားဝန်ထမ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကာ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေက အသေးစားငွေကြေးဆိုင်ရာ စုဆောင်းခြင်းလုပ်ငန်းသုံးလက်စွဲစာအုပ်နှင့်ငွေ စုဆောင်းခြင်းသဘော တရားနည်းလမ်းများ အကြောင်းကို မတ်လ ၂၃ ရက်နေ့အထိ သင်ကြားပို့ချဆွေးနွေးမည်ဖြစ်ကြောင်းနှင့် မတ်လ ၂၄ ရက်နေ့တွင် ညွှန်ကြားရေးမှူးဦးကျော်စိုးမင်းက ငွေကြေးအရင်း အနှီးရှာဖွေစုဆောင်းခြင်း၊ ရင်းနှီးမြှပ်နှံခြင်းနှင့် ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်မှုလုပ်ငန်းများအဆင်မြှင့်တင်ခြင်းနှင့် ပတ်သက်၍ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတနင်္သာရီဒေသကြီးအတွင်း ဌာနဆိုင်ရာ ငွေစုငွေချေးအသင်း(၁၇)သင်း၊ ဈေးသမဝါယမအသင်း(၈)သင်း၊ ရပ်ကွက် ငွေစုငွေချေး အသင်း(၂၂)သင်းနှင့် အသင်းသားပေါင်း (၁၀၆၂၂)ဦး ၊ အသင်းသားများထည့်ဝင်သည့်ငွေ (၄၂၈၀.၆၇၄) သန်းဖြင့် အသေးစားငွေကြေး ဝန်ဆောင်မှုချေးငွေလုပ်ငန်းအား ဆောင်ရွက်လျက်ရှိကြောင်းနှင့် အသင်းပိုင်ငွေကြေး များအား ကုန်ထုတ်၊ကုန်သွယ်၊ ဝန်ဆောင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ၍ သမဝါယမအသင်းများ အဆင့်မြှင့်တင်ရေး သက်ဆိုင်ရာမြို့နယ်များအလိုက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးဦးကျော်စိုးမင်း ထံမှသိရသည်။

ငွေဇင်ယော်(ထားဝယ်)